မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က ချစ်ခွင့်ပန်တဲ့အခါ မိန်းကလေးတွေက အချိန်ယူစဉ်းစားတတ်ကြပါတယ်။ ဘယ်လိုအချက်တွေ၊ ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာပြီး ချစ်သူအဖြစ် အဖြေပြန်ပေးခဲ့ကြလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ တစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်ပေါ်မူတည်ပြီး တိုင်းတာတဲ့ပေတံကလည်း ပြောင်းလဲသွားပါလိမ့်မယ်။
ဒါပေမဲ့ အခုဖော်ပြသွားမယ့်အချက်တွေကတော့ မိန်းကလေးအများစုသတ်မှတ်ထားတဲ့ ယေဘုယျစံနှုန်းလေးတွေပဲဖြစ်ပါတယ်။
ရိုးသားရမယ်
ရိုးသားမှုမရှိဘဲ လိမ်ညာလှည့်ဖျားနေတဲ့သူကို ဘယ်သူမှသဘောမကျကြပါဘူး။ ရိုးသားပြီး ဟန်ဆောင်မှုကင်း စိတ်နေစိတ်ထား သူ့ရဲ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့အတွက်ကြောင့် ထိုအမျိုးသားရဲ့မျက်နှာက မြင်ရတဲ့သူရဲ့စိတ်အစဉ်ကို အေးချမ်းစေပါတယ်။ ဒါ့ကြောင့် ရိုးသားပြီး အနေအထိုင်ရိုးရှင်းတဲ့သူတွေကို သူ(မ)တို့တွေ သဘောကျနှစ်ခြိုက်ပါတယ်။

အလေးအနက်ထားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိရမယ်
ပေါ့ပေါ့လေးတွေးတယ်ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်နှစ်မျိုးထွက်နေတာကို စာဖတ်သူတို့ သတိထားမိကြရဲ့လား။ ကောင်းတဲ့အဓိပ္ပာယ်ကတော့ ကိစ္စတိုင်းကို စိတ်ညစ်ခံစဉ်းစားမနေဘဲ ကြုံလာသမျှကို အေးအေးလူလူ ဖြေရှင်းတတ်တယ်လို့ အဓိပ္ပာယ်ရပြီး မကောင်းတဲ့အဓိပ္ပာယ်ကတော့ ကိစ္စတိုင်းကို အပေါ်ယံပဲတွေးပြီး ပြီးပြီးရောဖြေရှင်းတတ်တယ်လို့ အနက်ဖွင့်လို့ရပါတယ်။
ဒါပေမဲ့ မိန်းကလးတွေကတော့ အရာရာတိုင်းကို လေးလေးနက်နက်တွေးတောပြီး နှစ်ယောက်တည်း ကမ္ဘာတည်ဆောက်တဲ့အခါ အနာဂတ်အတွက် လေးလေးနက်နက်တွေးတောကြံဆနိုင်မယ့်သူဖြစ်ရဲ့လားဆိုတာကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။

သူမပြောတာကို စိတ်ဝင်တစား နားထောင်တတ်ရမယ်
တစ်ခုခု ရင်ဖွင့်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ နားထောင်ချင်စိတ်ရှိရပါမယ်။ တကယ်လို့ သူမပြောတာကို စိတ်မဝင်စားတဲ့ပုံ ပေါက်နေမယ်ဆိုရင်တော့ နှစ်ဦးသားရဲ့ရန်ပွဲအစပြုပြီလို့သာ မှတ်လိုက်ပါတော့။

စိတ်မကစားတတ်တဲ့ အမျိုးသားပုံစံ
လက်တွဲဖော်ရွေးပါမယ်ဆိုမှ သူ(မ)ကို အဖြေလာတောင်းတဲ့အမျိုးသားက တခြားကောင်မလေးကိုပါ ကြွေနေတယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ ယနေ့ခေတ်က စနိုက်ကြော်ရန်၊ ခြံခုန်တွေရဲ့ရန်ကို အမျိုးမျိုးကြောက်နေရတာကြောင့် သူ(မ)က သေချာအချိန်ယူ စဉ်းစားနေတာကိုလည်း အပြစ်မမြင်လိုက်ပါနဲ့။ ဆယ်ကျော်သက်အရွယ်လို စိတ်မကစားတဲ့အမျိုးသား၊ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ပုံစံအတိုင်း သူ(မ)တစ်ယောက်တည်းကိုပဲ ချစ်တဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားတွေကိုသာ မိန်းကလေးတွေက အလိုရှိကြတာပါ။

သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားတတ်တဲ့အမျိုးသား
နာမည်ကြီးတံဆိပ်တွေကို ဈေးကြီးပေးဝယ်ရမှ သန့်ပြန့်တဲ့ပုံစံပေါက်တာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့အဝတ်အစားလေးတွေကို မှန်မှန်လျှော်ဖွပ်ပြီး မီးပူတိုက်ကာ သေသေချာချာဝတ်ဆင်မယ်ဆိုရင် သပ်သပ်ရပ်ရပ်ဝတ်စားတတ်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားပြင်ဆင်မှုက မိန်းကလေးတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်ပါတယ်။

Lifestyle_Myanmar
ref-brides