Shyness လို့ခေါ်တဲ့ ရှက်ရွံ့တယ်၊ ရှက်ကိုးရှက်ကန်း ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးဟာ ကိုယ်နဲ့သိပ်ပြီး ရင်းနှီးမှုမရှိသေးသူတွေ ဒါမှမဟုတ် အခုမှစပြီးတွေ့ဖူးသူတို့နဲ့ အတူတူရှိနေချိန်မှာ အနေခက်တာမျိုး၊ သက်တောင့်သက်သာမရှိတာမျိုးတို့လို အခြေအနေတွေမှာ ခံစားရတာဖြစ်ပါတယ်။ အလွယ်တကူ ရှက်တတ်သူ အများစုဟာ အပေါင်းအသင်းများတဲ့ Extrovert တွေထက် ပတ်ဝန်းကျင်နဲ့ ကျင့်သားရဖို့ ပိုပြီးအချိန်ယူရပါတယ်။
ဒါ့အပြင် သူတို့တွေက ဖော်ဖော်ရွေရွေနေတတ်တဲ့ Extrovert တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မပေါင်းသင်းတတ်ဘူး ဆိုပြီး စိတ်ပျက်တတ်ကြပါတယ်။ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြချင်တာကတော့ ကိုယ့်ကိုယ်ကို ဒီလိုအတွေးမျိုးနဲ့ နှိမ့်ချမယ့်အစား ရှက်တတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ သို့မဟုတ် အားသာချက်တွေကို စဥ်းစားပေးခြင်းက အများကြီးအသုံးဝင်မှာပါ။
ကိုယ့်ဘာသာစဥ်းစားရင်တော့ ဘာအားသာချက်တွေရှိမှာလဲ ဆိုပြီး စဥ်းစားရခက်ကောင်းခက်နိုင်လို့ မတွေးတော့ဘဲ ဆောင်းပါးအဆုံးထိသာ ဖတ်ကြည့်လိုက်ရအောင်ပါ။

မကြွားဝါတတ်လို့ ဆွဲဆောင်မှုရှိတယ်
အရှက်အကြောက်ကြီးသူအများစုဟာ သူတို့ရဲ့ တော်တတ်မှုတွေ၊ ကျွမ်းကျင်မှုတွေ၊ အောင်မြင်မှုတွေကို လူသိအောင်လို့ ကြွားဝါပြီး လျှောက်ပြောလေ့မရှိကြပါဘူး။ သူများတကာတွေက ချီးမွမ်းစကားတွေ ဆိုရင်တောင်မှ ရှက်သွေးဖြာနေတတ်ကြသူတွေပါ။
စဥ်းစားတွေးခေါ်ပြီးမှ လုပ်ကိုင်တယ်
အရှက်အကြောက်ကြီးလို့ဖြစ်ဖြစ် လူမှုရေးအရ ပေါင်းသင်းမှုမှာ နှေးကွေးတတ်သူတွေအနေနဲ့ တစ်ခုခုကို မလုပ်ကိုင်ခင်မှာ အရှေ့ကိုကြိုတွေးတတ်ကြပါတယ်။ ဒီလိုအကျင့်မျိုးက ဘဝအတွက် အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ အင်မတန်အထောက်အကူပြုပါတယ်။ သေသေချာချာ စဥ်းစားတွေးခေါ်ပြီး အစီအစဥ်ချပြီးမှ လုပ်ကိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

တည်ငြိမ်တဲ့ခံစားချက် ပေးစွမ်းနိုင်တယ်
ကိစ္စတစ်ခုခုကြောင့် လန့်ဖြန့်ပြီး စိတ်လှုပ်ရှားနေသူတွေအပေါ်မှာ ရှက်ကြောက်တတ်သူတွေရဲ့ တည်ငြိမ်အေးဆေးမှုက တစ်ခါတစ်လေ လွှမ်းမိုးမှုရှိနေပါတယ်။ ရှက်ကြောက်တတ်သူလည်း အတွင်းထဲမှာတော့ စိတ်မငြိမ်မှုတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် အပြင်မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
ပိုပြီးယုံကြည်အားကိုးရပုံပေါက်တယ်
ကိုယ့်ဒူးကိုယ်ချွန်ပြီး လူတကာကို ကိုယ့်ရဲ့တော်တတ်မှုတွေ လိုက်ပြီးပြောလေ့မရှိလို့ တခြားလူတွေအနေနဲ့ သင့်အပေါ် အယုံအကြည်ပိုရှိပြီး အားကိုးအားထားပြုရတဲ့ လူတစ်ယောက်အဖြစ် ထင်မှတ်နိုင်ပါတယ်။ ဒါကြောင့်မို့လည်း ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နေရတာပေါ့။

တစ်ကိုယ်တည်း အလုပ်လုပ်ရတာမျိုးကို ပိုကြိုက်တယ်
တချို့သောအလုပ်အကိုင်တွေက ဘယ်လိုနှောင့်ယှက်မှုမျိုးမှ ဝင်လာလို့မရဘဲ အာရုံစူးစိုက်ရပြီး လေးလေးနက်နက် လုပ်မှဖြစ်တဲ့အလုပ်တွေပါ။ လူတကာနဲ့ တွေ့ဆုံစကားပြောနေစရာလည်းမလိုသလို ကိုယ့်ဘာသာတစ်ကိုယ်တည်း အေးအေးလူလူ အလုပ်လုပ်နိုင်လို့ ဒီလိုအလုပ်မျိုးတွေက ရှက်ကြောက်တတ်သူတွေအတွက်တော့ အင်မတန်သင့်တော်ပါတယ်။

Lifestyle_Myanmar
ref-verywellmind