ယနေ့ခေတ်လူတွေ တော်တော်များများ မိုလ်ဘိုင်းဖုန်းသုံးခြင်းအပေါ် မူးယစ်ဆေးစွဲသလို စွဲလန်းနေတတ်ကြပါတယ်။ အိမ်မှာလည်း အိမ်မှာမလို့ ၊ အပြင်သွားတဲ့အချိန်မှာလည်း အပြင်မှာမလို့ အချိန်တိုင်းနီးပါးကို ဖုန်းနဲ့မျက်နှာခွာတယ်ဆိုတာ ခပ်ရှားရှားဖြစ်နေကြပါတယ်။ အိမ်နဲ့အပြင်မှာ ဖုန်းသုံးတာကိစ္စမရှိပေမယ့် အလုပ်ခွင်မှာ ဖုန်းသုံးတာတော့ တော်တော်လေးပြဿနာရှိနိုင်ပါတယ်။ သင်ဟာ ရုံးချိန်အတွင်း ဖုန်းသုံးတတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်နော်။
(၁) မကြာခဏဖုန်းကိုင်နေတာမျိုး ရှောင်ကျဉ်ပါ
ရုံးချိန်ဖြစ်တဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ဖုန်းသုံးခြင်းကိုတတ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။ အလုပ်ခွင်မှာ မကြာခဏဖုန်းသုံးတာဟာ အထက်လူကြီးသာမက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်စောင်းခြင်းလည်း ခံရနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ဖုန်းသုံးရမှာ နေသာထိုင်သာရှိမယ်ဆိုရင်လည်း နေလည်ထမင်းစားချိန်တို့ Coffee Break Time အချိန်တို့မှာသာ ခဏတဖြုတ်သုံးသင့်ပါတယ်။

(၂) ဖုန်းပြောတဲ့အခါ အပြင်ထွက်ပြောပါ
ရုံးချိန်အတွင်း ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ ဖုန်းတွေဝင်လာတဲ့အခါ အခန်းအပြင်ကို ထွက်ပြောသင့်ပါတယ်။ တခြားသော လုပ်ဖော်ကိုင်တွေဟာ အလုပ်ထဲအာရုံထည့်ပြီး အလုပ်လုပ်နေချိန်မှာ သင်က ဖုန်းကိုအကျယ်ကြီး ပြောနမယ်ဆိုရင် သူတို့အတွက် အများကြီး အနှောင့်အယှက်ဖြစ်စေနိုင်သလို ယဉ်ကျေးမှုမရှိရာလည်း ရောက်ပါတယ်။ ဒါကြောင့် ကိုယ်ရေးကိုယ်တာဖုန်းတွေဝင်လာရင် အပြင်ထွက်ပြောပေးပါ။

(၃) စပီကာဖွင့်ပြီး သီချင်းနားထောင်ခြင်းကို ရှောင်ကျဉ်ပါ
အလုပ်ခွင်မှာ နားကြပ်အသုံးမပြုဘဲ ဖုန်းစပီကာဖွင့်ပြီး သီချင်းနားထောင်တာဟာ တော်တာ်လေးကို လူမှုရေးမသိတတ်တဲ့ လူတွေရဲ့ အပြုအမူတစ်ခူဖြစ်ပါတယ်။ အလုပ်ရဲ့ ပင်ပန်းမှုတွေကို ဖြေဖို့အတွက် သီချင်းနားထောင်တာ လက်ခံလို့ရပေမယ့် နားကြပ်မပါဘဲ စပီကာဖွင့်ပြီး သီချင်းနားထောင်တာဟာ ကိုယ့်အတွက် အပန်းပြေစေနိုင်ပေမယ့် တခြားသူတွေအတွက်တော့ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်မယ်ဆိုရင် နားကြပ်အသုံးပြုပါ။

(၄) ဖုန်း Ringtone အသံတိုးထားပါ
အလုပ်ခွင်မှာဖုန်း Ringtone အသံအကျယ်ကြီး ထွက်ပေါ်လာတာလည်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ဖုန်းသံကြောင့် အလုပ်ထဲကို အာရုံစူးစိုက်ပြီး အလုပ်လုပ်နေသူတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။ အကောင်းဆုံးက ဝန်ထမ်းတိုင်း ရုံးရောက်တာနဲ့ ဖုန်းကို Silent သို့ Vibrate Mode မှာထားပြီး အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖုန်းသံကို ကိုယ်ကြားရရုံလောက်ပဲ ခပ်တိုးတိုးလေး ထားသင့်ပါတယ်။

(၅) သန့်စင်ခန်းအတွင်း ဖုန်းယူသွားခြင်းကို ရှောင်ကျဉ်ပါ
သန့်စင်ခန်းသွားတဲ့အခါ တော်တော်များများ ဖုန်းလေးတွေ ကိုယ်စီယူသွားတတ်ကြပါတယ်။ သန့်စင်ခန်းအတွင်း ဖုန်းယူသွားခြင်းဟာ ရုံးမှာသာမက နေရာတိုင်းလိုလိုမှာ ရှောင်ကျဉ်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သန့်စင်ခန်းဆိုတာ လူအများအသုံးပြုတဲ့တစ်ခုထဲသော နေရာဖြစ်တာကြောင့် မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုမွှားတွေ များစွာရှိနေနိုင်တာဖြစ်ပါတယ်။ ထိုအခါ မိမိဖုန်းကနေတစ်ဆင့် ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်တာကြောင့် သန့်စင်ခန်းအတွင်း ဖုန်းယူခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

Lifestyle_Myanmar
ref-indeed.com