ဖြူဖွေးလှပပြီး ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေ နဲ့ သွားလေးတွေကို လူတိုင်းပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် သွားကြွေလွှာနဲ့ သွားဖုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် လူနည်းစုလောက်ကသာ ဓာတုဗေဒသွားဖြူဆေးတွေကို အသုံးပြုရဲကြတာပါ။ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကတော့ သွားကြွေလွှာတွေကို မထိခိုက်စေဘဲ သွားများကိုဖြူဖွေးတောက်ပြောင်စေမယ့် သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
စတော်ဘယ်ရီအနှစ်
လတ်ဆတ်တဲ့စတော်ဘယ်ရီသီးများကို ပန်းကန်လုံးထဲထည့်ပြီး ဇွန်းနဲ့ ကြိတ်ခြေလိုက်ပါ။ ရလာတဲ့အနှစ်ကို ပင်လယ်ဆားနဲ့ ရောလိုက်ပြီးတဲ့နောက်မှာ သွားတိုက်တံလေးနဲ့ မိနစ်အနည်းငယ်ခန့် ညင်ညင်သာသာလေးသွားတိုက်လိုက်ပါ။ ပြီးရင် စင်ကြယ်သွားအောင် ပလုတ်သေချာကျင်းပေးလိုက်ပါ။ တစ်ပတ်ကိုနှစ်ကြိမ်ခန့် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးမယ်ဆိုရင် သွားကြွေလွှာများကို မပျက်စီးစေဘဲ သွားများကို ဖြူဖွေးတောက်ပြောင်စေပါတယ်။

အုန်းဆီ
သွားမတိုက်ခင်မှာ သွားပေါ်ကို အုန်းဆီနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာတဲ့အခါ သွားတိုက်ဆေးနဲ့ ပြောင်စင်အောင် သွားတိုက်လိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
ငှက်ပျောသီးအခွံ
ငှက်ပျောသီး အခွံထဲမှာ သွားချေးနဲ့ သွားမှာကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးတဲ့ ဒြပ်ပေါင်းများပါဝင်ပါတယ်။ ငှက်ပျောသီးအခွံနဲ့ ၅ မိနစ် ၇ မိနစ်ခန့် ပွတ်တိုက်ပြီးနောက် သွားတိုက်ပေးမယ်ဆိုရင် သွားများကို ဖြူဝင်းလှပစေပါတယ်။

သံပုရိုသီး
သံပုရိုရည်ကို ဆားအနည်းငယ်နဲ့ရောပြီး ပလုတ်ကျင်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ခံတွင်းအနံ့အသက်ကောင်းများရရှိအောင် ပြုလုပ်ပေးပြီး သင့်သွားများကို တဖြည်းဖြည်းချင်းဖြူဝင်းလာစေမှာပါ။ သတိထားရမယ့်အချက်ကတော့ သွားနာခြင်း၊ သွားဖုံးရောင်ခြင်း စတဲ့ သွားနဲ့ ပတ်သက်တဲ့ရောဂါခံစားနေရတဲ့အချိန်မှာ အသုံးမပြုဖို့ပါပဲ။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဂျယ် (သို့) ရှားစောင်းလက်ပတ်ရည်နဲ့ သင့်သွားကိုပွတ်တိုက်ပေးလိုက်ပါ။ သွားတိုက်တံနဲ့ နောက်တစ်ခေါက်ပြန်တိုက်ပြီးတဲ့နောက်မှာ ပလုတ်သေချာကျင်းလိုက်ပါ။ ရက်သတ္တပတ် ၂ ပတ်ခန့်ကြာသွားရင်တော့ ဖြူဖွေးတောက်ပြောင်တဲ့ သွားများကို ပိုင်ဆိုင်ရရှိနိုင်ပါပြီ။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်ပြီပေါ့။
Lifestyle_Myanmar
ref-brightside