လူတော်တော်များများ ဦးရေပြားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကြုံတွေ့ရတဲ့ပြဿနာတစ်ခုက ဗောက်ထခြင်းပါ။ အခုလိုမိုးရာသီမှာဆိုရင် ပိုပြီးတောင် အဖြစ်များပါသေးတယ်။ မိုးရွာထဲ ထီး ၊ ဦးထုပ် စသည်ဖြင့် ခေါင်းဆောင်းတစ်ခုခုမပါပဲ အပြင်ထွက်လို့ မိုးရေနည်းနည်းစိုသွားတာ ဗောက်ပြဿနာက စတင်လာတော့တာပါပဲ။ ဒီနေ့မှာတော့ မိုးရာသီမှာ အဖြစ်များတဲ့ ဗောက်ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။
(၁) ထီးဆောင်သွားပါ
အခုလိုမိုးရာသီမှာ ဘယ်ပဲသွားသွား ထီးလေးတစ်ချောင်းတော့ ဆောင်သွားသင့်ပါတယ်။ အချိန်အခါမရွေး မိုးရွာလာနိုင်တာကြောင့် ထီးလေးဆောင်ထားတဲ့အခါ တစ်ကိုယ်လုံးမလုံရင်တောင်မှ ခေါင်းကိုတော့ မိုးရေစိုတာသက်သာစေမှာဖြစ်ပါတယ်။ အကယ်၍ မိုးရေစိုလာတယ်ဆိုရင်လည်း အိမ်ရောက်ရှင် ရှန်ပူနဲ့ ခေါင်းလျော်လိုက်ပါ။ ဦးရေပြားပေါ်မှာ ဖုန်နဲ့ အညစ်အကြေးတွေရှိနေနိုင်ပြီး မိုးရေထိတဲ့အခါ အလွယ်တကူဗောက်ထနိုင်တာကြောင့် သန့်ရှင်းရေးလုပ်ပေးဖို့က အရေးကြီးပါတယ်။

(၂) မုန့်ဖုတ်ဆိုဒါသုံးပါ
ဗောက်ဆိုတာတကယ်တော့ ဦးရေပြားမှိုရောဂါတစ်မျိုးပါပဲ။ မုန့်ဖုတ်ဆိုဒါကလည်း မှိုနဲ့ အညစ်အကြေးတွေကို အလျင်မြန်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေအသင့်တင့်ရောပြီး သမအောင်မွှေပါ။ ပြီးရင်တော့ ဦးရေပြားအနှံ့လိမ်းပြီး ခဏလောက်နှိပ်နယ်ပေးပါ။ (၁၀) မိနစ်လောက်နေရင်တော့ ရေအေးနဲ့ ခေါင်းလျှော်လိုက်လို့ရပါပြီ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ပေးတာနဲ့ ဗောက်တွေသိသိသာသာ ပျောက်ကင်းသက်သာသွားစေမှာပါ။

(၃) ပန်းသီးရှာလကာရည်သုံးပါ
ပန်းသီးရှာလကာရည်ဟာလည်း အက်စစ်ပျော့ တစ်မျိုးဖြစ်တာကြောင့် ဦးရေပြားပေါ်က ဗောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေတစ်ဖန်ခွက်နဲ့ရောပြီး ဦးခေါင်းအနှံ့ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခေါင်းကို ရေချိုးခန်းသုံးခေါင်းစွပ် (သို့) တဘက်နဲ့ အုပ်ပြီး ၁၀မိနစ်ခန့် ပေါင်းပေးရပါမယ်။ ပြီးရင်တော့ ခေါင်းလျော်ချလိုက်လို့ရပါပြီ။ ပန်းသီးရှာလကာရည်ဟာ အက်စစ်တစ်မျိုးဖြစ်တဲ့အတွက် အချိန် (၁၀) မိနစ်ထက်တော့ ပိုမထားဖို့အကြံပြုချင်ပါတယ်။

(၄) သံလွင်ဆီ (သို့) အုန်းဆီလိမ်းပါ
သံလွင်ဆီ (သို့) အုန်းဆီဟာ ဦးရေပြားပေါ်အတွက်တော့ ဆရာတစ်ဆူပါပဲ။ အဆိုပါဆီတွေဟာ ဦးရေပြားကို အစိုဓာတ်ဖြည့်စွမ်းပေးနိုင်ပြီး ဗောက်များကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင် (၁) နာရီလောက်အလိုကတည်းက ဦးရေပြားအနှံ့ သံလွင်ဆီ (သို့) အုန်းဆီကို ရွှဲနေအောင်လိမ်းပြီး shower cap (သို့) တဘက်တစ်ခုခုနဲ့ပတ်ကာပေါင်းတင်ထားရပါမယ်။ တစ်နာရီပြည့်ရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

(၅) ပုံမှန်ခေါင်းလျှော်ပါ
ဦးခေါင်းဆိုတာ ခန္ဓာကိုယ်မှာ အကာကွယ်တဲ့နေရာတစ်ခုဖြစ်တာကြောင့် ဖုန်နဲ့ အညစ်အကြေးတွေက အချိန်မရွေးကပ်ညှိနေနိုင်ပါတယ်။ ပုံမှန်ခေါင်းမလျှော်ဘူးဆိုရင်တော့ ဖုန်နဲ့ အညစ်အကြေးတွေကြောင့် ဗောက်တွေက ပိုထလာမှာသေချာပါတယ်။ ဒါကြောင့် ၃ရက်တစ်ခါလောက် ခေါင်းလျှော်ပါ။ ကိုယ်ကဗောက်ထတတ်သူတစ်ယောက်ဆိုရင်တော့ ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးပါ။ ခေါင်းလျှော်တဲ့နေရာမှာလည်း အရမ်းကုပ်ပြီးမလျှော်ပါနဲ့။ ညှင်ညှင်သာသာပဲ နှိပ်နယ်ပြီးလျှော်ပေးပါ။ အနည်းဆုံး (၅) မိနစ်ခန့် နှိပ်နယ်ပေးပြီးမှ ရေလောင်းချပါ။

Lifestyle_Myanmar
ref-medicalnewstoday