ဘဝမှာ မိတ်ဆွေ အသစ်တွေနဲ့ တွေ့ရတယ်။ ပြီးတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ တိုးတက်ကြီးပွားအောင် လုပ်ဆောင်နေတဲ့အချိန်မှာ မိတ်ဆွေအတုအယောင်တွေကို ချန်ထားခဲ့ဖို့ အရေးကြီးပါတယ်။ သူငယ်ချင်းမိတ်ဆွေအကုန်လုံးက သင့်အပေါ်ကောင်းလိမ့်မယ်လို့ မယူဆထားပါနဲ့။ သင်နဲ့အနီးဆုံးလူတွေက သင့်ကို ထိခိုက်နာကျင်အောင် အလုပ်နိုင်ဆုံးလူတွေပဲဆိုတာကို မမေ့ပါနဲ့။
ဒီနေ့ မိတ်ဆွေသူငယ်ချင်းအဖြစ်ကနေ ရပ်တန့်လိုက်သင့်ပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။
တစ်ဖက်သက်ဖြစ်လာတဲ့အခါ
သင်တို့ရဲ့ Relationship က မျှချေမရှိတော့ဘူး။ သင်ကပဲ အဆက်အသွယ်မပြတ်စေဖို့ တစ်ဖက်သက် ကြိုးစားနေရတယ်ဆိုရင် ဒါကကောင်းတဲ့အချက် မဟုတ်ပါဘူး။ သူတို့ဘက်က သင်ဆက်သွယ်မှ စကားပြောဆိုတာမျိုးက သင့်အပေါ် တန်ဖိုးမထားတာပါ။ လူတိုင်းက အလုပ်ရှုပ်နေကြတာ မှန်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကိုတော့ သတိတရ နဲ့ စာတိုပို့တာ ဖုန်းဆက်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလိုမျိုးတွေက သင့်ဘက်ကပဲ လုပ်ဆောင်နေရတယ်ဆိုရင် မိမိကိုယ်ကို တန်ဖိုးထားမှုကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒီအကြောင်းကို သူငယ်ချင်းကို နားလည်အောင်ပြောပြထားပေမယ့် အရင်အတိုင်းပဲ ဆက်ဖြစ်နေတယ်ဆိုရင် အဆက်ဖြတ်ဖို့ ကြိုးစားသင့်နေပါပြီ။

အပြိုင်အဆိုင်ဖြစ်နေသလို ခံစားရရင်
တစ်ချို့သူငယ်ချင်းတွေက သူတို့မှာရှိတာနဲ့ သင့်ဆီမှာရှိတာတွေကို လိုက်ပြီးပြိုင်ဆိုင်တက်ကြပါတယ်။ ဥပမာ သင်ကတခုခုလုပ်လို့ အောင်မြင်တာဖြစ်ဖြစ် ကျောင်းမှာအမှတ်ကောင်းတာဖြစ်ဖြစ် ပြောပြလိုက်တိုင်းမှာ သူတို့ကလည်း သူတို့ရဲ့အောင်မြင်မှုတွေကို အပြိုင်အဆိုင် ပြန်ပြောပြီး ယှဉ်ပြိုင်နေသလိုမျိုး အမြဲမပြတ် သင်ခံစားလာပြီဆိုရင် ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ သင့်အပေါ် မနာလိုစိတ်ထားတာမျိုးတွေ ဖြစ်လာပြီဆိုရင် သူငယ်ချင်းအဖြစ် ဆက်နေသင့် မနေသင့် စဉ်းစားဖို့ အချိန်တန်ပါပြီ။

အယုံအကြည်မရှိတော့ဘူးလို့ ခံစားရတဲ့အခါ
တခြား Relationship တွေလိုမှာပဲ သူငယ်ချင်း ဆက်ဆံရေးမှာလည်း ယုံကြည်မှုက အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ (၁ဝဝ) ရာခိုင်နှုန်း သက်တောင့်သက်သာဖြစ်နေသင့်ပါတယ်။ သူငယ်ချင်းအစစ်ဆိုတာ သင်ဒုက္ခရောက်နေချိန်မှာ သင့်ကို ထားခဲ့မယ့်အစား အနားမှာနေပေးပြီး အကူအညီပေးတက်တဲ့ လူစားမျိုးပါ။

သင့်သူငယ်ချင်းက သင့်ကို တခြားသူငယ်ချင်းတွေ မရှိစေချင်တာ
သင့်သူငယ်ချင်းက အတ္တကြီးတဲ့သူလား။ သင့်သူငယ်ချင်းတွေက သင့်ကိုတခြားမိတ်ဆွေ သူငယ်ချင်းတွေရှိတဲ့အတွက် သင့်ကို အပြစ်ရှိသလို ခံစားစေမယ်ဆိုရင်တော့ နောက်ပြန်လှည့်မကြည့်ဘဲ ကျောခိုင်းလိုက်ပါ။ ဒါဟာ ရင့်ကျက်မှုမရှိတဲ့ ပုံစံမျိုးပါ။ သင်ဟာ ပိုကောင်းတဲ့သူငယ်ချင်း ရှာတွေ့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။

Lifestyle_Myanmar
ref-webmd