ကျွန်မတို့တွေဟာ နေ့ရက်တိုင်းမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘာသာ အမှားလုပ်မိမှန်းတောင် မသိတတ်ပါဘူး။ သိသိနဲ့ပဲ လုပ်လုပ် မသိလို့ပဲ လုပ်လုပ် ကိုယ်လုပ်မိတဲ့ ကျန်းမာရေးအမှားတွေကတော့ တစ်ချိန်ချိန်မှာ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်တဲ့အတွက် သတိထားရှောင်ကြဉ်နိုင်ဖို့ ယနေ့အချိန်ထိ မသိလိုက်ဘဲနဲ့ အမှားကိုပဲ အမှန်ထင်ပြီး ဆက်လက် လက်ဆင့်ကမ်းလာတဲ့ အလေ့အထတွေများစွာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။
(၁) လိုတာထက်ပိုအိပ်ခြင်း
လူတစ်ယောက်က အားရှိဖို့ များများအိပ်ရမယ်လို့ ပြောကြတာ ကြားဖူးမယ်ထင်ပါတယ်။ လူတစ်ယောက်အတွက် အိပ်ချိန်က အရေးကြီးပေမယ့် များများအိပ်လေ ပိုအားရှိလေဆိုတာက တကယ်တော့မဟုတ်ပါဘူး။ ပုံမှန်ထက်ပိုပြီး အိပ်စက်ခြင်းက ခေါင်းကိုက်တာ ကိုယ်လက်မအီမသာဖြစ်တာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်အလွန်အကျွံ မအိပ်မိပါစေနဲ့။ တစ်ရက်ကို ၇နာရီ ၈နာရီခန့် အိပ်စက်ပေးရုံနဲ့ လုံလောက်ပါတယ်။

(၂) ရေသောက်များခြင်း
ခန္ဓာကိုယ်မှာ ရေဓာတ်က မရှိမဖြစ်လိုတဲ့ အရာတစ်ခုပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို တွန်းအားပေးပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ပြေစေတဲ့အပြင် အသားအရေ စိုပြေကြည်လင်လှပစေပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ပမာဏထက်ပိုပြီး အလွန်အကျွံရေသောက်သုံးခြင်းကတော့ ဝိတ်ကျဖို့မဖြစ်နိုင်ပါဘူး။ အားကစားလုပ်တာ အစားလျော့စားတာမျိုးတွေ သေချာမလုပ်ပဲ ရေပဲလှိမ့်သောက်နေလို့ကတော့ ဝိတ်တောင်ပိုတက်လာနိုင်ပါတယ်။

(၃) အဆီတွေမစားခြင်း
ကျန်းမားရေးလိုက်စားသူတွေ ကိုယ်အလေးချိန်ထိန်းသိမ်းသူတွေအများစုက အဆီတွေဟာ ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ သတ်မှတ်ထားတတ်ကြပါတယ်။ ဟုတ်ပါတယ်ပြည့်ဝတဲ့ အဆီတွေ ဝက်အဆီ အမဲအဆီ စတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေရှိပေမယ့် ငါးမှာပါဝင်တဲ့ Omega – 3 Fatty Acid လို အဆီကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီတွေပါ။ ဒီလိုကျန်းမာတဲ့ အဆီမျိုးကိုတော့ မဖြစ်မနေ စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၄) နေ့တိုင်းအားကစားလုပ်ခြင်း
ယနေ့ခေတ် ကျန်းမာရေးအတွက် လူတိုင်းလိုလို အားကစားတစ်ခုခု ပြုလုပ်လာနေကြပါပြီ။ တော်တော်များများကတော့ အားကစား နေ့စဉ်ပုံမှန်လုပ်ဖို့ တိုက်တွန်းကြပါတယ်။အဝလွန်နေသူတွေအတွက် နေ့တိုင်းပုံမှန် အားကစားလုပ်ဖို့လိုပေမယ့် သာမာန်ကျန်းမာရေး လိုက်စားရုံအတွက်ပဲ ဆိုတဲ့သူတွေကတော့ နေ့တိုင်းအားကစားလုပ်ဖို့ မလိုပါဘူး။တစ်ပတ်ကို ၄ ရက် ၅ ရက် လောက်လုပ်ရုံနဲ့ လုံလောက်ပါတယ်။ အားကစားလုပ်ပြီး ခန္ဓာကိုယ်ကိုလည်း အနားပေးမှ ရေရှည်ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်မှာပါ။

Lifestyle_Myanmar
ref-timesofindia