မေ့လျော့ခြင်းဆိုတာ မျိုးရိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့်လည်း အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ မကြာခဏမေ့တတ်တဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ
နေ့စဉ်နဲ့ အမျှ အလုပ် ၊ မိသားစု ၊ လူမှုရေး စတဲ့ များစွာသောစိတ်ဖိစီးမှုဒဏ်တွေက ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတာကြောင့် သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အဆိုးရွှားဆုံးထိခိုက်စေပြီး မေ့မေ့လျော့လျော့ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့ လူအများစုဟာ သာမာန်လူတွေထက်ပိုပြီး မေ့လျော့တဲ့ပြဿနာကိုခံစားရတာဖြစ်ပါတယ်။ ဒါကြောင့်အတက်နိုင်ဆုံးစိတ်ဖိစီးမှုကင်းအောင်နေပါ။ စိတ်ဖိစီးစရာကြုံလာရင်လည်း အမြန်ဆုံးရှင်းထုတ်ပစ်ပါ။

(၂) ဦးနှောက်ကိုအလုပ်ပေးပါ
နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ဘာလေးပဲမှတ်မှတ် ဖုန်းတွေကွန်ပြူတာတွေကိုအားကိုးလာကြပါတယ်။ ဒါဟာအကောင်းဘက်ကကြည့်ရင် လွယ်ကူတယ်တိကျတယ်ဆိုပေမယ့် အဆိုးဘက်ကကြည့်ရင်တော့ သင့်ရဲ့ ဦးနှောက် အလုပ်လုပ်နိုင်စွမ်းကိုလျော့ချလိုက်သလိုဖြစ်စေပါတယ်။ ဒါကြောင့် သင့်ရဲ့ဦးနှောက်ကိုအလုပ်ပြန်ပေးပါ။ မိသားစုဝင်တွေ အရေးကြီးတဲ့ဖုန်းနံပါတ်တွေကို ဦးနှောက်နဲ့ အလွတ်ရအောင်မှတ်ပါ။ တရားထိုင်ခြင်း ယောဂကစားခြင်းစတဲ့ စိတ်ကိုတည်ငြိမ်စေမယ့်အရာတွေလည်းလုပ်ပေးနိုင်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်စက်ပါ
လူတစ်ယောက်က တစ်ရက်ကိုအနည်းဆုံး (၇)နာရီခန့် အိပ်စက်အနားယူရမယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် ယနေ့ခေတ်လူတော်တော်များများက ညဘက်အိပ်စက်ချိန်တွေအရမ်းကိုလျော့နည်းလာပါတယ်။ ဒီလို ကာလကြာရှည် အိပ်ရေးပျက်ခြင်းက သင့်ရဲ့ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်ဉာဏ်စွမ်းတိုးတက်စေပြီး မေ့လျော့ခြင်းကို ကုသနိုင်ဖို့ အိပ်ရေးဝဝအိပ်စက်ပေးပါ။

(၄) အစားအသောက်ဆင်ခြင်ပါ
မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင် အမြန်စားသုံးနိုင်တဲ့အစားစာတွေ ၊ ပြုပြင်မွမ်းမံထားတဲ့အစားအသောက်တွေ ၊ ပြည့်ဝဆီတွေ ၊ အချိုနဲ့ အငံများတဲ့အစားစာတွေကိုရှောင်ကျဉ်ရပါမယ်။ ဦးနှောက်ကိုအကျိုးပြုစေမယ့် အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွှက်တွေ အစေ့အဆံတွေ ကော်ဖီ ချောကလက်နဲ့ အိုမီဂါသရီးဖက်တီအက်စစ်စတဲ့ အစားအစာတွေကိုများများစားသုံးပေးရပါမယ်။

Lifestyle_Myanmar
ref-mayoclinic