ပျော်ရွှင်မှု ဆိုတာ ဝမ်းသာမှု၊ စိတ်ချမ်းသာမှု၊ သို့မဟုတ် ကျေနပ်မှု စတဲ့ ခံစားချက်တွေရဲ့ သွင်ပြင်လက္ခဏာကို ဖော်ဆောင်ပေးတဲ့ စိတ်ခံစားချက် အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောပြခဲ့တဲ့ ပျော်ရွှင်မှုတွေအပြင် ကမ္ဘာပေါ်မှာ မတူညီတဲ့ ပျော်ရွှင်မှုပေါင်း မြောက်မြားစွာ ရှိနေသေးတယ်ဆိုတာ သင်သိပါသလား။ ဟုတ်ပါတယ်၊ ပျော်ရွှင်မှုဆိုတာ စကားလုံးတစ်ခုတည်းနဲ့ပဲ ဖော်ပြလို့ရတဲ့ ခံစားချက်မဟုတ်ပါဘူး။
ပျော်ရွှင်မှုတိုင်းကလည်း မတူညီကြသလို အဆင့်တွေ အလွှာတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပျော်ရွှင်မှု (၄) မျိုးအကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုပျော်ရွှင်မှုမျိုးကို ကြုံတွေ့ရနိုင်မလဲဆိုတာ သိထားမယ်ဆိုရင် ကိုယ့်ဘဝတန်ဖိုးကို ပိုပြီးနားလည် သဘောပေါက်တတ်လာမှာပါ။
၁။ ပီတိ
အင်မတန်ခက်ခဲပြီး ကိုယ့်အတွက် Challenging ဖြစ်လွန်းတဲ့ ပရောဂျက်တစ်ခုကို အဆုံးအထိ ပြီးမြောက်အောင် လုပ်ဆောင်ဖူးပါသလား။ ဒါမှမဟုတ် အကျိုးရှိတယ်၊ ပေးဆပ်ရတာတန်တယ်ဆိုပြီး ယုံကြည်ဖို့ထိုက်တန်တဲ့ အကြောင်းအရင်းကြောင့်နဲ့ Volunteer လုပ်ဖူးပါသလား။
ဒီလိုလုပ်ရပ်တွေကို လုပ်ဖူးတဲ့သူတွေဆိုရင် ငါဒီလိုလုပ်ခဲ့ဖူးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပီတိဖြစ်မိတဲ့ ခံစားချက် ဖြစ်ပေါ်မိမယ်ဆိုတာ ယုံကြည်နေပါတယ်။ ပီတိ ဆိုတာဟာလည်း ပျော်ရွှင်မှုရဲ့တစိတ်တပိုင်းပါပဲ။ လူတချို့က လွန်လွန်ကဲကဲ အနိုင်ရယူလိုစိတ်ပြင်းထန်တဲ့ Negative ဖက်ရောက်တဲ့ ခံစားချက်တွေနဲ့ ပီတိကို သွားပြီးရောယှက်တတ်ကြပါတယ်။
သို့သော်လည်း လူတစ်ဦးတစ်ယောက်ရဲ့ ပြီးမြောက်အောင်မြင်မှု၊ ထူးချွန်မှုတို့နဲ့ ပတ်သက်လို့ ပီတိဖြစ်မိတာဟာ ကျေကျေနပ်နပ် လက်ခံသင့်တဲ့ ပျော်ရွှင်မှုရဲ့ပုံရိပ်ပါ။ ကိုယ့်အလုပ်၊ ကိုယ့်မိသားစု ဒါမှမဟုတ် အောင်မြင်မှုကို ခံစားရနိုင်မယ့် အကြောင်းအရာ စသည်တို့နဲ့ပတ်သက်ပြီး ပီတိဖြစ်လိုက်ပါ။

၂။ Relationships တွေ တည်ဆောက်ခြင်း
ပိုက်ဆံရှိမှ ဘဝက ပျော်ရွှင်စရာကောင်းမှာ ဆိုပြီး လူအများစု စွဲစွဲမြဲမြဲ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် Harvard Medical School မှ စိတ်ရောဂါအထူးကု နဲ့ ပရော်ဖက်ဆာ Robert Waldinger ၏ ပြောစကားအရ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ဘေးပတ်ဝန်းကျင်နဲ့ ပိုပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဟာ ပိုပြီးပျော်ရွှင်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ စိတ်ရောကိုယ်ပါ ပိုကျန်းမာကြပြီး အားလုံးနဲ့အဆက်အသွယ်နည်းသူတွေထက် အသက်ပိုရှည်ကြတယ် လို့ ဆိုပါတယ်။

၃။ ရောင့်ရဲတင်းတိမ်မှု
ယနေ့ခေတ်ရဲ့လူအများစုက ဈေးကြီးတဲ့ကား၊ ခမ်းနားထည်ဝါတဲ့အိမ်၊ ဝင်ငွေကောင်းတဲ့အလုပ်၊ ဒါမှမဟုတ် ပိုက်ဆံများများရှိရမယ် စသဖြင့် အရာရာတိုင်းကို အကောင်းဆုံးဖြစ်ရမယ် အကောင်းဆုံးရှိရမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြပါတယ်။
ရောင့်ရဲတင်းတိမ်မှု ဆိုသည်မှာ ကိုယ့်မှာရှိတာလေးနဲ့ပဲ၊ ကိုယ့်အရှိကိုအရှိအတိုင်းပဲ၊ ကိုယ်ရောက်နေတဲ့နေရာမှာပဲ ကျေနပ်ပျော်ရွှင်နေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်ရှိ အမှန်တရားကို လေးလေးနက်နက် လက်ခံခြင်းဖြစ်ပြီး ဘဝမှာ ကိုယ့်ရှိတဲ့အရာ၊ ကိုယ့်ရဲ့နေရာတို့မှာပဲ ကျေးဇူးတင်တတ်ခြင်းပါ။
ရောင့်ရဲတင်းတိမ်တာနဲ့ပဲ လိုချင်တောင့်တမှုမရှိဘူးလို့လည်း မဆိုလိုပါဘူး။ အဓိကပြောချင်တာက ဘယ်လိုအခြေအနေတွေပဲဖြစ်လာဖြစ်လာ ရလာတဲ့ရလဒ်တွေကို အကောင်းဆုံး လက်ခံတတ်ခြင်းပါပဲ။ ဒီလိုမျိုး ကိုယ့်လက်ရှိအခြေအနေကို လက်ခံသဘောပေါက်တတ်ပြီဆိုရင် ပျော်ရွှင်မှုကို ခံစားတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုလိုက်ခြင်းပါပဲ။

၄။ အပျော်အပါး
ငါက လူကြီးဖြစ်သွားပြီ အသက်ရနေပြီမို့ ဘဝတစ်ခုလုံးကို အလုပ်ပေါ်မှာ နစ်မြုပ်ထားရမယ်လို့ မတွေးလိုက်ပါနဲ့။ ၂၁ ရာစုခေတ်လို ရှုပ်ထွေးကြပ်တည်းလှတဲ့ မော်ဒန်ခေတ်ကြီးထဲမှာ ကျွန်မတို့အများစုက အလုပ်အတွက်ရယ်၊ မိသားစုကိစ္စတွေအပေါ်ပဲ အာရုံစိုက်တာများပြီး ကိုယ့်အတွက် အပျော်ရှာဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ အားတဲ့အချိန်လေး နည်းနည်းလောက်ရပြီဆိုရင်လည်း အပြင်သွားပြီး ပျော်ပါးဆော့ကစားတာထက် တီဗီရှေ့ (သို့) ကွန်ပျူတာအရှေ့မှာပဲ ငုတ်တုပ်အချိန်ကုန်နေတာများပါတယ်။
လူတိုင်းမှာ ဝါသနာဆိုတာ ရှိတတ်ကြစမြဲပါ။ အားကစားလုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ခရီးထွက်ခြင်း စသဖြင့် ဘယ်လိုဝါသနာပဲဖြစ်ပါစေ ကျွန်မတို့ဘဝအတွက် နေ့တိုင်း သို့မဟုတ် အပတ်တိုင်း အပျော် ပေးနိုင်ရင်ကို လုံလောက်နေပါပြီ။

Lifestyle_Myanmar
ref-lifehack