အိမ်မွေးခွေးလေးတွေ၊ ကြောင်လေးတွေကို မချစ်တဲ့သူရှားပါတယ်။ ဒါပေမယ့် လူတိုင်းက အလုပ်ရှုပ်မှာ၊ ကိုယ်နဲ့မတည့်မှာ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အိမ်မွေးတိရိစ္ဆာန်လေးတွေ မမွေးကြပါဘူး။ အဲ့ဒီအတွက် ဘယ်လို တိရစ္ဆာန်လေးတွေကို အိမ်မှာမွေးတာက ကိုယ့်အတွက် အဖော်လည်းရ၊ အဆင်လည်းပြေမလဲဆိုတာကို ဖော်ပြသွားပါမယ်။
ယုန်
ယုန်လေးတွေက လှောင်အိမ်ထဲမှာပဲ တစ်ချိန်လုံးထည့်ပြီး မွေးလို့မရတဲ့အကောင်လေးတွေပါ။ သူတို့က အိမ်တစ်ခုလုံးကို လျှောက်သွားနေမှာပါ။ ဒါပေမယ့် သူတို့က ထင်သလောက်တော့ သင်ပေးရမခက်ဘဲ လူတွေကို ချစ်ပြီးဉာဏ်ကောင်းပါတယ်။ အဲ့တော့ လုံခြုံတဲ့အခန်းတစ်ခုရှိနေပြီး အချိန်ကောင်းကောင်းပေးနိုင်တယ်ဆိုရင် သူတို့ကြောင့် ပျော်နေရမှာပါ။

ရွှေငါး
ရွှေငါးလေးတွေကို ရေကန်ထဲမှာ အပင်လေးတွေ၊ အောက်ဆီဂျင်တုံးလေးတွေနဲ့ မွေးတာကလည်း သူတို့ကို လိုက်ကြည့်နေရုံနဲ့တင် စိတ်ပင်ပန်းတာကို ပြေပျောက်စေပါတယ်။ ရွှေငါးလေးတွေက နေ့တိုင်းသေချာဂရုစိုက် အစာကျွေးနေဖို့တော့လိုပြီးတော့ တကယ်လို့ သေချာဂရုစိုက်နိုင်တယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက နှစ် ၃၀ အထိ ရှိနိုင်တယ်နော်။

ဟမ်းစတား
ဟမ်းစတားလေးတွေက ချစ်ဖို့အကောင်းဆုံးနဲ့ ဘယ်သွားသွား အိပ်ကပ်ထဲထည့်ပြီး သယ်သွားလို့ရတဲ့အတွက် လူတိုင်းမွေးချင်တဲ့အကောင်လေးတွေထဲမှာပါ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်တမ်းက ၁ နှစ်ကနေ ၂ နှစ်ဝန်းကျင်လောက်ပဲရှိတဲ့အတွက် သံယောဇဉ်တွယ်ပြီးမှ အသက်ဆုံးရှုံးရတတ်ပါတယ်။ သူတို့လေးတွေကို မွေးမယ်ဆိုရင် လှောင်အိမ်လေးထဲမှာ ဆော့စရာတွေထားပြီး မွေးလို့ရသလို တခါတလေ အခန်းထဲမှာ လျှောက်သွားခိုင်းမယ်ဆိုရင် ရပါပြီ။

ခွေးအသေးမျိုး
ချူဟွာဟွာလိုမျိုး လက်ထဲမှာ ပွေ့ထားလို့ရတဲ့ ခွေးလေးတွေကို သင်ချစ်တယ်၊ ဒါမှမဟုတ် ကိုယ့်နေအိမ်က ခြံဝန်းနဲ့ မဟုတ်ပဲ တိုက်ခန်းနဲ့နေရတယ်ဆိုရင် အခုလိုမျိုး ခွေးသေးလေးတွေက အသင့်တော်ဆုံးပါ။ သူတို့က လူတွေကို ပိုချစ်ပြီး အန္တရာယ်မပြုတဲ့အပြင် ကလေးတွေနဲ့လည်း တည့်ပါသေးတယ်။

ခွေးကြီးမျိုး
ခွေးကြီးမျိုးတွေကို မွေးမယ်ဆိုရင်တော့ အိမ်ခြံဝန်းက ကျယ်ဖို့လိုအပ်ပြီးတော့ သူတို့ကို နေ့တိုင်း လမ်းလျှောက်ထွက်ပေးဖို့၊ ဂရုစိုက်ပေးဖို့၊ သူတို့နဲ့အတူ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ သူတို့က ချစ်ဖို့ကောင်းသလို ဖက်ထားလို့လည်းကောင်းတဲ့ အချစ်တော်လေးတွေပါ။ အိမ်ကိုလည်း စောင့်ရှောက်ပေးနိုင်တဲ့အပြင် လူစိမ်းတွေကိုလည်း အိမ်နားမကပ်ရဲအောင် ခြောက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ကို မွေးဖို့ စရိတ်ကတော့ ကြီးပါလိမ့်မယ်။

ကြောင်
သင်က ဥာဏ်ကောင်းပြီး အရာအားလုံးကို ဆက်ဆက်ထိမခံဖြစ်တတ်တယ်ဆိုရင် ကြောင်လေးတွေမွေးတာက သင့်အတွက်ဖြစ်မှာပါ။ လေ့လာချက်တွေအရ ကြောင်ပိုင်ရှင်တွေက သာမန်သူတွေထက် ပိုပြီးလွတ်လွတ်လပ်လပ်တွေးနိုင်တယ်လို့ သိရပြီးတော့ ကြောင်လေးတွေကလည်း ကိုယ်တိုင်ရပ်တည်နိုင်တဲ့အတွက် အရမ်းကြီး ဂရုစိုက်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့က သင့်မီးဖိုချောင်ကို ညဖက်မှာ မွှေနှောက်စားသောက်နိုင်တယ်နော်။

Lifestyle_Myanmar
ref-racv.com.au