ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သက်ရှည်ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာ ကိုယ်နေချင်သလိုနေလို့ရမှာမို့ ကောင်းကောင်းစား၊ ကြိုးစားဝိတ်ချပြီး ပိုကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားရမှာပေါ့။ ဒါဆိုရင်တော့ ဘယ်လိုအကျင့်တွေကို အတတ်နိုင်ဆုံးဖယ်ရှားပစ်ပြီး ဘယ်လိုအကျင့်ကောင်းလေးတွေကို မွေးမြူရမလဲဆိုတာ အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။
၁။ အိပ်ခန်းထဲကို ဖုန်းသယ်တတ်တဲ့ အကျင့်ဖျောက်ပါ။
မနက်အိပ်ရာကနေ နိုးအောင် သံပတ်ပေးဖို့အတွက် ညအိပ်ရာဝင်ခါနီးမှာ ဖုန်းကိုသယ်သွားတာမျိုး မလုပ်သင့်ပါဘူး။ ဖုန်းကိုသံပတ်အနေနဲ့ အသုံးပြုမယ့်အစား သုံးလေးထောင်လောက်ပဲ ပေးရမယ့် နာရီလေးတွေကို အနားထားအိပ်ပါ။ ဖုန်းကိုအနားမှာထားအိပ်တာက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သလို အိပ်ရာမဝင်ခင် ငါးမိနစ်အလိုလောက်ထိ ဖုန်းကိုသုံးနေမယ်ဆိုရင် တော်ရုံနဲ့အိပ်မရတာကိုပါ ဖြစ်စေနိုင်ပါတယ်။

၂။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ကိစ္စတွေ၊ ကျောင်းကိစ္စတွေ၊ အိမ်အလုပ်တွေနဲ့ ရှုပ်ထွေးနေတာကြောင့် ကိုယ့်ကျန်းမာရေးအတွက် သေချာဂရုစိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချိန်အနည်းငယ်ယူပြီး အသက်ရှူလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာက စိတ်ရောကိုယ်ပါ ပိုပြီးကျန်းမာစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် အရာတစ်ခုကတော့ ယောဂကျင့်စဉ်တွေပါပဲ။

၃။ အိပ်ရာမဝင်ခင် ငါးမိနစ်လောက်စာဖတ်ပါ။
စာဖတ်တာက ဗဟုသုတလည်းတိုးပွားစေနိုင်သလို အချို့သူတွေအတွက်က စာဖတ်ရင်ကို အိပ်ပျော်မြန်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေမယ့် ဖုန်းကိုအသုံးပြုမယ့်အစား ငါးမိနစ်လောက်စာဖတ်ပေးလိုက်ပါ။

၄။ အကြောဆန့်ပါ။
မနက်ခင်းအိပ်ရာကနိုးလို့ လုပ်လိုက်တဲ့အကြောဆန့်တာမဟုတ်ပါဘူး။ သေသေချာချာ အကြောအချင်တွေပြေသွားအောင် ဆန့်ပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးလေလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အကြောဆန့်ပေးခြင်းဖြင့် ကြွက်သားတွေကို သန်မာစေပြီး ကျန်းမာကြံ့ခိုင်စေပါတယ်။

၅။ အသီးအရွက်များများစားပါ။
ကိုက်လံ၊ ဂေါ်ဖီ၊ တရုတ်မုန်ညင်းတို့လို ဗီတာမင်အေ၊ စီ၊ အီးနှင့် ကေတို့ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးခြင်းက နှလုံးရောဂါ၊ ရင်သားကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ဖြစ်ပေါ်နှုန်းကို လျော့ကျစေပါတယ်။

၆။ တရားထိုင်ပါ။
တရားထိုင်ခြင်းဟာလည်း ပြေးခြင်း၊ ရေကူးခြင်းတို့လို ကျင့်သားရသွားအောင် အချိန်ကြာကြာ လုပ်ယူရတာဖြစ်ပေမယ့် ရက်သတ္တပတ်အနည်းငယ်လောက်လုပ်ပေးလိုက်မယ်ဆိုရင်ကို သိသာမှုတွေ မြင်တွေ့လာရမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင်ကြမှုတွေ၊ သွေးပေါင်ချိန်နှင့် မူးဝေမောပန်းခြင်းတို့ကိုလည်း သက်သာစေမှာဖြစ်ပါတယ်။
Lifestyle_Myanmar
ref-gq.com