စာဖတ်သူက တနင်္လာနေ့တွေကိုမုန်းတဲ့ သူတစ်ယောက်လား။ ဝန်ထမ်းတွေ ကျောင်းသားတွေအများစုကတော့ တနင်္လာနေ့တွေကို မုန်းကြပါတယ်။ ဘာကြောင့်လဲဆိုရင် Weekend တွေကို ကျော်ဖြတ်ပြီး ပုံမှန်အတိုင်း တစ်ပတ်တာကို ပြန်လည်ပတ်ရတဲ့ အစနေ့တစ်ရက်မို့ပါပဲ။
ဒီလို တနင်္လာနေ့တွေမှာ ပျင်းရိစိတ်တွေ လေးလန်းထှိုင်းတဲ့စိတ်တွေက ပိုကြီးစိုးထားတဲ့အတွက် လူတော်တော်များများက တနင်္လာနေ့ကိုမရောက်ချင်ကြတာပါ။ ဒီတော့ ရှောင်လွဲလို့မရတဲ့ တနင်္လာနေ့တွေကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။
ပိတ်ရက်မှာကောင်းစွာအနားယူပါ
စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ပြည့်ပြည့်ဝဝအနားမယူလိုက်ရရင် တနင်္လာနေ့မှာ ဘယ်လိုနည်းနဲ့မှ လန်းဆန်းတက်ကြွနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပိတ်ရက်ကိုပျော်ရွှင်စရာကောင်းတဲ့ ဖြတ်သန်းမှုမျိုးရရှိအောင်ဖန်တီးပါ။ ဥပမာ သူငယ်ချင်းတွေနဲ့ Hang Out လုပ်တာ ရုပ်ရှင်ကြည့်တာ စာအုပ်ဖတ်တာ မိသားစုကိုအချိန်ပေးတာ စသည့်ဖြင့် ကိုယ့်အတွက် စိတ်လက်ပေါ့ပါးစေမယ့်အရာတွေ ပြုလုပ်သင့်ပါတယ်။

အလုပ်နဲ့အဆက်ဖြတ်ထားပါ
စနေ၊ တနင်္ဂနွေပိတ်ရက်မှာ အလုပ်နဲ့သက်ဆိုင်တဲ့ Email အဝင်အထွက်တွေ စစ်ဆေးကြည့်တာမျိုး Email ပြန်တာမျိုးတွေ လုံးဝရှောင်ကျဉ်သင့်ပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်ဆိုတာ ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ နားရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီး ဆက်သွယ်လာတဲ့ အရာတွေအားလုံးကို ခဏလောက်အဆက်သွယ်ဖြတ်ထားသင့်တာဖြစ်ပါတယ်။ မဖြစ်မနေလုပ်ဆောင်ရမယ့် အရေကြီးတဲ့ကိစ္စတွေကလွဲရင်ပေါ့။

အိပ်ရေးဝဝ အိပ်ပါ
တနင်္ဂနွေနေ့လိုညမှာ တစ်ညလုံး ရုပ်ရှင်ထိုင်ကြည့်တာမျိုး Club သွားတာမျိုးတွေ လုံးဝကိုရှောင်ကျဉ်ပေးရပါမယ်။ အိပ်ရေးမဝခြင်းဟာ နောက်နေ့အတွက် ဆိုးကျိုးတွေအများကြီး ဖြစ်ပေါ်စေနိုင်သလို စိတ်ကြည်လင်လန်းဆန်းမှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ဒါကြောင့် Sunday လိုနေ့မျိုးတွေမှာ ညဘက်စောစောအိပ်ပြီး မနက်ခင်းကို လန်းဆန်းတက်ကြွစွာ နိုးထလိုက်ပါ။

အဝတ်အစား ရွေးချယ်ပါ
တနင်္လာနေ့ ရုံးတက်ရမယ်ဆိုရင် တနင်္ဂနွေနေ့ကတည်းက အဝတ်အစား ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသင့်ပါတယ်။ သင်နဲ့လိုက်ဖက်ပြီး ယုံကြည်မှုအပြည့်ရှိစေတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းအားဖြင့် စိတ်ဓာတ်တက်ကြွမှုဖြစ်စေသလို ယုံကြည်မှုအပြည့်နဲ့ သွားလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်မှုတိုးစေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပြင်ဆင်ပါ။

Lifestyle_Myanmar
ref-forbes