အဝတ်ဗီဒိုထဲမှာ မှိုတွေရှိနေတာက တော်ရုံနဲ့မသိနိုင်ပါဘူး။ အင်္ကျီတွေ အဝတ်အစားတွေနဲ့ ဖုံးနေတာကြောင့် ကိုယ်သတိထားမိလိုက်တဲ့အချိန်မှာတော့ မှိုတွေက အများကြီး ဖြစ်နေလောက်ပါပြီ။ ဒါဆိုရင် မှိုတွေနဲ့အင်္ကျီတွေနဲ့ ထိတွေ့ပြီး ကြာလာရင် အရေပြား ယားယံလာတာတွေ ဖြစ်လာတတ်ပါတယ်။
သာမန်အားဖြင့် အဝတ်ကို ရေစွတ်ပြီး မှိုတွေကို သုတ်လိုက်ရင် အလွယ်တကူဖယ်ရှားနိုင်တယ်လို့ထင်ပေမယ့် မှိုတွေ ထွက်လာရင် ဗီဒီုသားမှာ ကပ်နေတဲ့ အပေါက်လေးတွေထဲအထိ မဖယ်ရှားနိုင်ရင်တော့ ပြန်ထွက်နေဦးမှာပါပဲ။ ဒါကြောင့် ဗီဒိုကိုလည်း မထိခိုက်အောင် ဗီဒိုသားမှာကပ်နေတဲ့ မှိုအပေါက်လေးတွေအထိ သန့်ရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။
အဝတ်ဗီဒိုထဲက မှိုတွေကို ဖယ်ရှားဖို့ အဖြူရောင် ရှာလကာရည်ကို အသုံးပြုရပါမယ်။ အရင်ဆုံး ကိုယ့်ဗီဒိုသားက အဖြူရောင်ရှာလကာရည်နဲ့ တည့်မတည့်ကိုတော့ အဝတ်ထဲမှာ အနည်းစွတ်ပြီး ဗီဒိုကို နည်းနည်းတိုက်ကြည့်ပါ။ အဆင်ပြေရင် ရှာလကာရည် နဲ့ ရေကို တစ်ဝက်စီ ဆတူရောပြီး မှိုရှိတဲ့နေရာတွေကို အဝတ်မှာ စွတ်ပြီး တိုက်ပါ။

ပြီးရင် အပေါက်လေးတွေထဲမှာရှိတဲ့ မှိုတွေကို ဖယ်ရှားဖို့ နောက်ထပ် ခြောက်သွေ့တဲ့ အဝတ်စနဲ့ ရှာလကာရည်ချည်းပဲ စွတ်ပြီး ထပ်တိုက်ပါ။ ပြီးရင် ခြောက်သွေ့အောင် ထားလိုက်ပါ။
ပြီးရင် ဗီဒိုမျက်နှာပြင်ကို ရေခဲရေ နဲ့ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ပြန်သုတ်ပါ။ ဒါဆိုရင် မှိုတွေ လုံး၀ ကင်းစင်သွားပါလိမ့်မယ်။
နောက်ထပ် မှိုတွေ ထပ်မကပ်အောင် ဗီဒိုအစိုပြန်တာ ကာကွယ်ဖို့ နံရံနဲ့ စင်တီမီတာ အနည်းငယ် ခွာထားပါ။ စိုစွတ်တဲ့ အဝတ်တွေကို ဗီဒိုထဲမှာ မချိတ်ထားပါနဲ့။ ဒါက မှိုတွေကို ပြန်ဖြစ်လွယ်ပါတယ်။ ဗီဒိုကို အဝတ်အစားတွေနဲ့ ပြည့်ညှပ်အောင် မထားပါနဲ့။ အကယ်၍ အဝတ်အစားတွေ ပြည့်ညှပ်နေရင် မှိုက အလွယ်တကူ ပျံ့နှံ့ လွယ်ပါတယ်။

Lifestyle_Myanmar
ref-cleanipedia