ခရီးသွားရင်း ပါလာသမျှပိုက်ဆံတွေ ခါးပိုက်နှိုက်ခံရတာ၊ လေယာဉ်ပေါ်မှာ အိတ်ကျန်နေခဲ့တာ စတာတွေက ခရီးသွားတွေအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒီလိုမျိုး အဆိုးဆုံးအခြေအနေတွေ ကြုံလာရင်ဖြေရှင်းဖို့ Plan B ထားတာဟာ အကောင်းဆုံးအစီစဉ်ပါပဲ။ အခုဖော်ပြမဲ့အချက်တွေကတော့ ပြည်ပ ခရီးသွားမယ်ဆိုရင် ဒီလိုအခြေအနေဆိုးတွေ မကြုံရလေအောင် အကြံပေးထားတာပါ။
(၁) ပိုက်ဆံအိတ်ကို ဘောင်းဘီအနောက်အိတ်ကပ်ထဲမထည့်ပါနဲ့
ခရီးသွားတဲ့အချိန်မှာ ပိုက်ဆံအိတ်ကို မိမိမြင်နိူင်တဲ့နေရာ ဘောင်းဘီရဲ့ အရှေ့အိတ်ကပ်ထဲ ထည့်ထားတာအကောင်းဆုံးပါ။ ဘောင်းဘီအနောက်အိတ်ကပ်ထဲထည့်ထားရင် ခါးပိုက်နှိုက်တွေကို အခွင့်အရေး ပေးရာရောက်ပါတယ်။ ဥရောပနိုင်ငံတွေမှာ ခါးပိုက်နှိုက်တွေ အင်မတန်များပါတယ်။ ဒါကြောင့်ပြည်ပ ခရီးသွားတဲ့အခါမှာ ပိုက်ဆံအိတ်ကို မိမိ မြင်ရတဲ့နေရာမှာထားခြင်းက နံပါတ် (၁) ခါးပိုက်နှိုက်ရန်ကနေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။

(၂) အရေးပေါ်အတွက် ဘဏ်ဖုန်းနံပါတ်တွေ ရှိပါစေ
ပြည်ပကို ခရီးသွားတဲ့အခါမှာ မိမိရဲ့ Credit ကတ် ဒါမှမဟုတ် Debit ကတ်တွေကို အထားမှားတာတွေ၊ အခိုးခံရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် ဘဏ်ကို ချက်ချင်းဖုန်းခေါ်ပြီး ကတ်အသစ်ပြန်ထုတ်တာ ဒါမှမဟုတ် ကတ်အသုံးပြုမှု ချက်ချင်း ရပ်ဆိုင်းခိုင်းတာတွေ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် အရေးပေါ်လိုအပ်လာရင် ဖုန်းခေါ်ဖို့ ဘဏ်ဖုန်းနံပါတ် သို့မဟုတ် ကတ်အပိုဆောင်သွားပါ။

(၃) အိတ်ကို ကိုယ်နဲ့မကွာထားပါ
သင့်ရဲ့ အိတ်ကို ခြေထောက်အောက်မှာထားတာ၊ နေ့လည်စာ စားရင် စားပွဲအောက်မှာ ထားတာတွေက ခါးပိုက်နှိုက်တွေရဲ့ အလုပ်ကို လွယ်ကူအောင် လုပ်ပေးနေသလိုပါပဲ။ သတိလေးတချက်လွတ်သွားတာနဲ့ ခါးပိုက်နှိုက်ခံရဖို့ သေချာသလောက်ရှိသွားပါမယ်။ ခရီးသွားရင် အိတ်ကို လက်နဲ့ ပိုက်ထားတာ အကောင်းဆုံးပါ။ လူများတဲ့နေရာ ဥပမာ ရထားဘူတာ၊ လေယာဉ်ကွင်း စတဲ့နေရာတွေမှာ အိပ်မယ်ဆိုရင် အိတ်ကို လက်နဲ့ပိုက်ပြီး အိပ်သင့်ပါတယ်။

(၄) ပိုက်ဆံတွေကို အိတ်ခွဲပြီး ထည့်ပါ
ခရီးသွားတဲ့အခါမှာ ပိုက်ဆံတွေကို အိတ်ခွဲပြီးထည့်တာ ATM ကတ်တွေ၊ Credit ကတ်တွေကို မတူတဲ့ ဘောင်းဘီအိတ်ကပ်တွေ ဒါမှမဟုတ်၊ လက်ဆွဲအိပ်တွေမှာ ခွဲထည့်ထားပါ။ အမြဲတမ်း ကိုင်နေကြ ပိုက်ဆံအိတ်ထဲမှာ (၁) ရက် သို့မဟုတ် (၂) ရက်စာ သုံးဖို့ ငွေကိုပဲ ထည့်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နေရာအထားမှားတာ၊ အခိုးခံရတာတွေဖြစ်ခဲ့မယ်ဆိုရင် သုံးစရာမရှိမှာ ပူစရာမလိုတော့ပါဘူး။

(၅) လမ်းဘေး ATM တွေမှာ ပိုက်ဆံမထုတ်ပါနဲ့
လမ်းဘေးဆိုင်တွေမှာ ငွေလဲလှယ်တာ၊ ATM စက်ထဲကနေ ငွေအများကြီးထုတ်တာတွေက ခါးပိုက်နှိုက်တွေကို ဖိတ်ခေါ်နေသလိုပါပဲ။ နိူင်ငံခြားငွေလဲလှယ်ဖို့လိုလာရင် ဘဏ် ဒါမှမဟုတ် လိုင်စင်ရထားတဲ့ ငွေလဲကောင်တာတွေမှာ သွားလဲတာကအကောင်းဆုံးပါ။

Lifestyle_Myanmar
ref-compareremit