လူတိုင်းလူတိုင်းက လောဘ ဒေါသ မောဟစိတ်တွေနဲ့ ကိုယ့်လက်ရှိဘဝကို ကျေနပ်စရာမကောင်းဘူးလို့ ထင်မြင်တတ်ကြပါတယ်။ အဲ့ဒီလို ကိုယ့်ဘဝကို အားမလိုအားမရ မကျေမနပ်ဖြစ်တဲ့သူတွေထဲမှာ သင်ရောပါဝင်နေပါသလား။ ဒါဆိုရင် ကိုယ့်ဘဝ ကိုယ်ကျေနပ်အောင် ဘာတွေလုပ်ဆောင့်သင့်လဲ။ ဘယ်လိုအချက်တွေက သင့်ရဲ့ ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုဖန်တီးနိုင်ဖို့ အထောက်အကူပြုမှာလည်းဆိုတာ သိချင်ရင်တော့ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။
(၁) ကိုယ့်ကိုယ်ကိုချစ်ပါ
လူအများစုရဲ့ တစ်နေ့တာဖြတ်သန်းမှုတွေထဲမှာ အလုပ်တာဝန်တွေ မိသားစုတာဝန်တွေ အိမ်ထောင်တာဝန်တွေနဲ့ လုံးလည်ခြာလည်ရိုက်ရင်း ကိုယ့်ကိုယ်ကိုချစ်ဖို့ ကိုယ့်ကိုယ်ကိုအချိန်ပေးဖို့ မေ့လျော့နေတတ်ပါတယ်။ တခြားသူတွေရဲ့ချစ်ခြင်းမေတ္တာက နွေးထွေးမှုကိုပေးတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်ထက် ဘယ်အရာမှ ပိုမသာနိုင်ပါဘူး။ ဒါကြောင့် ကိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေ ကိုယ်ပိုင်သီးသန့်အချိန်တွေ ကိုယ့်ရဲ့ဝါသနာတွေပြုလုပ်ဖို့လည်း မမေ့ပါနဲ့။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို အပြည့်ဝချစ်လိုက်ပါ။

(၂) အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေဖယ်ရှားပါ
ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေမှန်သမျှ ဘဝထဲကမောင်းထုတ်လိုက်ပါ။ ကိုယ့်အပေါ်မကောင်းတဲ့ အပေါင်းအသင်းတွေ ကိုယ့်ကိုနားလည်မပေးနိုင်ပဲ အမြဲပြဿနာရှာနေတဲ့ ချစ်သူရည်းစားတွေ ဒါတွေဟာလည်း တစ်နည်းနည်းနဲ့တော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်နေစေမှာ သေချာပါတယ်။ ဒါကြောင့်ဒီလိုအဆိပ်အတောက်ဖြစ်စေမယ့် မကောင်းတဲ့အရာမှန်သမျှကို လက်မခံမထားသင့်ပါဘူး။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့အရာတွေက အမြဲစောင့်ကြိုနေသေးတယ်ဆိုတာ သတိရပါ။

(၃) ခေါက်ရိုးကျိုးဘဝထဲကရုန်းထွက်ပါ
နေ့စဉ်အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်လို ခေါက်ရိုးနေတဲ့ဘဝကြီးက ငြီးငွေ့စရာကောင်းတယ်ဆိုတာ သေချာပါတယ်။ ဒီလိုပုံစံခွက်ကြီးထဲမှာ စက်ရုပ်လူသားတွေလို နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေအားလုံးကလည်း မိမိတို့ရဲ့ဘဝကို ကျေနပ်မှာမဟုတ်ပါဘူး။ မလွဲမရှောင်လို့သာ လုပ်နေကြရတာဖြစ်သလို ခေါက်ရိုးကျိုးဘဝကြီးကနေ ရုန်းထွက်ဖို့လမ်းစမတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုခေါက်ရိုးကျိုးနေတဲ့ဘဝက ရုန်းထွက်နိုင်ဖို့ ကိုယ့်ဘဝမှာ တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ အရာတွေလုပ်တာ မရောက်ဖူးတဲ့ဒေသတွေကို ခရီးထွက်တာ မသိသေးတဲ့ပညာရပ်တွေကို လေ့လာတာစသည့်ဖြင့် အတွေ့အကြုံအသစ်တွေ ရနိုင်မယ့်အရာတွေများများ ပြုလုပ်ပါ။

(၄) ကျန်းမာရေးကိုအလေးထားပါ
ကျန်းမာခြင်းသည် လာဒ်တစ်ပါးဆိုတာ လူတိုင်းလက်ခံမယ်ထင်ပါတယ်။ လူတစ်ယောက်မှာ စိတ်ရဲ့ကျန်းမာရေးက အရေးကြီးသလို ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ ရုပ်ကျန်းမာရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်နည်းနဲ့မှစိတ်သွားတိုင်း ကိုယ်မပါသလို ကျေနပ်စရာကောင်းတဲ့ဘဝလို့လည်း ခံစားမိကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပုံမှန်ကစားလုပ်တာမျိုး စိတ်အေးချမ်းမှုကိုဖြစ်စေဖို့ တရားထိုင်တာမျိုး ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ အရက်နဲ့ဆေးလိပ်စတဲ့ အရာတွေကိုဖြတ်တာမျိုး စသည့်ဖြင့်ပြုလုပ်ပြီး မိမိကျန်းမာရေးအတွက် ဂရုစိုက်နေထိုင်သင့်ပါတယ်။

(၅) အကောင်းမြင်စိတ်ထားပါ
အရာရာတိုင်းအပေါ် အကောင်းမြင်စိတ်ရှိမယ်ဆိုရင် ကျေနပ်စရာကောင်းတဲ့ဘဝတစ်ခုအဖြစ် ခံစားလို့ရစေမှာသေချာပါတယ်။ ဒီလိုမှမဟုတ်ပဲ အမြဲမကောင်းမြင်စိတ်တွေက သင့်အပေါ်ကြီးစိုးနေမယ်ဆိုရင်တော့ ဘဝမှာပူလောင်မှုတွေကိုပဲ ခံစားနေရမှာဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်အကောင်းမြင်စိတ် ရှိဖို့လိုသလို မိမိပတ်ဝန်းကျင်ကလူတိုင်းကိုလည်းအကောင်းမြင်စိတ်လေးထားတတ်ဖို့က လိုအပ်ပါတယ်။ လူတိုင်းကို အကောင်းမြင်စိတ်လေးနဲ့ကြည့်ပြီး အပြုံးနဲ့ဆက်ဆံခြင်းက ဘဝမှာအောင်မြင်မှုပိုရရှိနိုင်သလို စိတ်ချမ်းမြေ့စရာကောင်းတဲ့ နေ့ရက်တွေကိုလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-healthline