လူသားတွေက သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်၊ သွန်သင်ဆုံးမခံရပုံ အမျိုးမျိုးတို့ကြောင့် အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားတို့လည်း မတူညီကြပါဘူး။ တွေ့သမျှသူတိုင်းနဲ့ ရင်းနှီးလိုစိတ်မရှိတာက သင့်ရဲ့လူမှုရေးဘဝအတွက်သာမကဘဲ လုပ်ငန်းခွင်ဘဝကိုပါ ထိခိုက်နိုင်ပါတယ်။ လုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်အဖို့ အသိအကျွမ်းများပြားခြင်းက တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ သူ့လုပ်ငန်းအတွက် အကျိုးအမြတ်ရစေပါတယ်။ တကယ်လို့ သင်က ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးကောင်းသူအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီအချက်တွေက အထောက်အကူပြုမှာပါ။
အသေးအဖွဲလေးများမှ စတင်ပါ
ချက်ချင်းကြီး ဟပ်ချလောင်းဆိုပြီး လူအများကြီးနဲ့ ရင်းနှီးကျွမ်းဝင်ချင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီနေ့မှာ ကိုယ့်လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ရင်းနှီးမှုဖလှယ်ပြီး နောက်နေ့မှာ နောက်လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ကိုယ့် စိတ်ချမ်းသာမှု၊ ကိုယ့် စိတ်သက်သောင့်သက်သာဖြစ်တဲ့ ဇုန်ထဲမှာပဲနေမယ်ဆိုရင်တော့ ဘယ်တော့မှ ဆက်ဆံရေးကောင်းမွန်လာမှာမဟုတ်ပါဘူး။

စကားများတဲ့သူတွေကို စိတ်မပျက်လိုက်ပါနဲ့
တစ်ယောက်တည်းနေရတာ သဘောကျပြီး ဘာသိဘာသာနေတတ်တဲ့သူတွေမှာ တူညီတဲ့ခံစားချက်တစ်ခုကတော့ စကားအရမ်းများပြီး ဟေးလားဝါးလားနေတတ်တဲ့သူတွေကို ကြည့်မရဖြစ်တတ်ကြတာပါပဲ။ တကယ်တော့ စကားများတဲ့သူတွေက စိတ်ဝင်စားစရာကောင်းတဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့မှာ မတူတဲ့အကြောင်းအရာမြောက်မြားစွာကို နည်းလမ်းအမျိုးမျိုးနဲ့ အခြားသူများ စိတ်ဝင်စားလာအောင် ပြောဆိုတတ်ကြပါတယ်။ ကိုယ်က သူတို့ဆီကနေ ပညာယူတတ်ဖို့လည်း လိုပါတယ်။

များများပြုံးပါ
သင် ပြုံးပြလိုက်လို့ သင့်ကို ပြန်မဲ့ပြမယ့်သူ မရှိပါဘူး။ အခြားသူများကို အရိုးသားဆုံးအပြုံးနဲ့ ပြုံးပြလိုက်ပါ။ တကယ်လို့ ကျင့်သားမရသေးဘူးဆိုရင်တော့ မှန်ရှေ့မှာ နေ့တိုင်းလေ့ကျင့်ပေးလိုက်ပါ။
စကားကို ရှင်းရှင်းလင်းလင်းနဲ့ ကြည်လင်ပြတ်သားအောင် ပြောပါ။
တကယ်လို့ သင့်အသံက တိုးတိုးလေးနဲ့ မပွင့်တပွင့်ပြောနေမယ်ဆိုရင်တော့ သင့်ပြောတာကို ဘယ်သူမှနားလည်မှာမဟုတ်ပါဘူး။ ကြာရင် သင်နဲ့ဘယ်သူမှ စကားပြောချင်မှာမဟုတ်တော့ပါဘူး။

အခြားသူများထံမှာ အကြံဉာဏ်တောင်းခံပါ။
ကျွန်တော်တို့လူသားတွေဆိုတာ အခြားသူကကိုယ့်ကို အရေးတယူနဲ့ အရေးပါအရာရောက်တဲ့ပုံစံ ဆက်ဆံတာကို ပျော်မွှေ့ကြပါတယ်။ ဒါ့ကြောင့် လူတိုင်းကို အလေးထားပြီး ဆက်ဆံပေးလိုက်ပါ။
ဒီနည်းလမ်းတွေကို လိုက်နာပေးမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ သင်က တဖြည်းဖြည်းနဲ့ လူချစ်လူခင်များလာပြီး လူမှုဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
Lifestyle_Myanmar
ref-possibilitychange