လူတိုင်းလူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေး ဆိုတာ အင်မတန်အရေးပါတဲ့အခန်း ကဏ္ဍတစ်ခုက ပါဝင်ပါတယ်။ အောင်မြင်တိုးတက်နေကြသူတွေ တော်တော်များများမှာလည်း အပေါင်းအသင်းမိတ်ဆွေတော်တော်များများရှိကြပြီး အဆက်သွယ်ကောင်းတွေများစွာ ရှိတတ်ကြပါတယ်။
သင်ရော ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်တွေရှိနေတယ်လို့ ခံစားနေရပါလား။ ဒါဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေမယ့် အရေးကြီးအချက်လေးတွေကို ပြင်ဆင်လိုက်ပါ။
(၁) ကိုယ့်ကိုယ်ကို အမွှန်းတင်လွန်းခြင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတာကောင်းပေမယ့် ကိုယ့်ရဲ့ကောင်းကြောင်းတွေကို မိတ်ဆွေတွေ သူငယ်ချင်းတွေရှေ့မှာ မကြာခဏထုတ်ပြောတက်တာကတော့ ဆင်ခြင်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက ကိုယ်ရဲ့ကောင်းတဲ့ အမူအကျင့်တွေ ၊ လုပ်ရပ်တွေကို ထုတ်ဖော်ပြောရတာ သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို အမြဲလိုလို အမွှန်းတင်ပြောဆိုနေတာကတော့ တခြားသူတွေရဲ့ အမြင်မှာ နားကြားပြင်းကပ်စရာကောင်းပြီး အဆင်မပြေနိုင်ပါဘူးနော်။

(၂) တစ်ဖက်ပိတ် ပြောဆိုခြင်း
ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ဘယ်တော့မှမလုပ်သင်တဲ့အရာတွေထဲမှာ တစ်ဖက်ပိတ်ပြောဆိုတက်တဲ့ အကျင့်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီတဲ့ အမြင်ဆိုတာရှိတာကြောင့် ကိုယ့်ရဲ့ အမြင်ကပဲ မှန်တယ်ဆိုပြီး တစ်ဖက်ပိတ်ပြောဆိုလို့တော့မရပါဘူး။ ညှိနှိုင်းသင့်တဲ့အရာဆို ညှိနှိုင်းတတ်ရမှာဖြစ်ပြီး တဖက်ကမှန်နေရင်လည်း လက်ခံပေးရဲတဲ့ သတ္တိရှိရပါမယ်။

(၃) နားမထောင်ပေးခြင်း
လူနှစ်ယောက်စကားပြောတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ ဖိပြောနေလို့တော့မရပါဘူး။ တစ်ဖက်လူရဲ့ စကားကိုယဉ်ကျေးမှုရှိစွာ နားထောင်ပေးတက်ရပါမယ်။ တစ်ဖက်လူပြောလာတဲ့စကားတွေကိုလည်း စိတ်ဝင်တစားနားထောင်မှုမရှိခြင်း ၊ ဖုန်းသုံးနေခြင်း ၊ အပြင်ကို ငေးကြည့်နေခြင်းစတဲ့ လုပ်ရပ်တွေဟာ တော်တော်လေးကို ရိုင်းတဲ့အမူအရာတွေဖြစ်သလို လူကြီးလူကောင်းလည်း မဆန်စေပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေတဲ့အကြောင်းအရာတွေထဲမှာ တစ်ဖက်လူရဲ့ စကားတွေကို နားမထောင်ပေးတတ်တာကလည်း ပါဝင်တာကြောင့် သတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

(၄) မဆင်မခြင် ပြောဆိုခြင်း
စကားဆိုတာ ပြောတတ်ရင် ပန်းလေးတစ်ပွင့်လို နူးညံ့ပေမယ် အပြောမတတ်ရင်တော့ ဓားတစ်လက်လို အန္တရာယ်များလွန်းပါတယ်။ စိတ်ရင်းက သဘောကောင်းပေမယ့် ဒုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ အကျင့်ကြောင့် လူအများ အမြင်ကပ်ခံရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ စိတ်ထဲက ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ တစ်ဖက်သား ခံစားသွားစေလောက်တဲ့ စကားမျိုးတွေကို မဆင်မခြင်ပြောတတ်တဲ့ အကျင့်ကို လုံးဝဖျောက်သင့်ပါတယ်နော်။

(၅) အပူသည်တစ်ယောက်လို ညည်းညူခြင်း
လူတိုင်း လူတိုင်းမှာ အဆင်မပြေမှုတွေ ၊ သောကတွေဆိုတာကတော့ ရှိကြစမြဲပါပဲ။ ကိုယ့်ရဲ့ ပူပင်သောကတွေကို ရင်ဖွင့်ပြောဆိုခြင်းဟာ အကောင်းဆုံးစိတ်ပေါ့ပါးစေတဲ့ အချက်တစ်ခုဖြစ်ပေမယ့်လည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့တိုင်း ကိုယ့်ရဲ့ပြဿနာတွေကိုပဲ နားထောင်စေပြီး အမြဲတမ်း အပူသည်တစ်ယောက်လို ငြီးငြူနေတာတော့ ကောင်းတဲ့အချက်တစ်ခုမဟုတ်ပါဘူး။ ရင်ဖွင့်သင့်တဲ့အချိန်ရင်ဖွင့်ပြီး ပေါ့ပေါ့ပါးပါးတွေ့ဆုံသင့်တဲ့အခါမှာလည်း တခြားသူတွေလို အဆင်မပြေမှုတွေ ခဏမေ့ပျောက်ပြီး နေသင့်ပါတယ်။

Lifestyle_Myanmar
ref-lifehack