No လို့ပြောဖို့က သဘောရိုးတဲ့သူတွေအတွက် ခက်တယ်။ အထူးသဖြင့် ဘော်ဒါတွေအကြား ငွေလာချေးရင် ဟင့်အင်းလို့ပြောဖို့ အတော်လေးခက်ပါတယ်။ တကယ်တော့ မိတ်ဆွေဆိုတာ အခက်အခဲရှိရင် ကူကိုကူသင့်ပါတယ်။ ဒါပေမယ့် ကတိမတည်တဲ့ မိတ်ဆွေတွေကြောင့် ငွေတွေအများကြီး ဆုံးရှုံးဖူးသူတွေကတော့ ငွေချေးဖို့ဆိုရင် အတော်လေး လန့်ပါလိမ့်မယ်။ ဒီအတွက် အခင်အမင်လည်း မပျက်အောင် ယဉ်ယဉ်ကျေးကျေးနဲ့ငြင်းတတ်ဖို့လိုပါတယ်။
(၁) စည်းကမ်းထားပါ
ပိုက်ဆံနဲ့ပတ်သက်ရင် စည်းကမ်းရှိတဲ့သူအဖြစ် ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့လိုပါတယ်။ ပိုက်ဆံချေးရင်း ဆုံးသွားတဲ့သူတွေရဲ့ တစ်ဝက်လောက်က ငွေချေးတာ လက်လွယ်ပြီး ငွေပြန်တောင်းဖို့ လက်တွန့်တတ်သူတွေ ဖြစ်တတ်ပါတယ်။ အရင်ဆုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် လူမုန်းမများချင်ရင်တော့ ငွေပေးငွေချေးမှုမှာ စည်းကမ်းကောင်းကောင်း ထားရမှာပါ။

(၂) ချက်ချင်း ငြင်းပါ
ပိုက်ဆံမချေးချင်ဘူးမလား။ ရတယ် ချက်ချင်းသာငြင်း။ မနက်ဖြန်မှ ပိုက်ဆံချေးနိုင် မချေးနိုင် အကြောင်းပြန်မယ် မလုပ်ပါနဲ့။ တစ်ဘက်လူလည်း မျှော်ရတယ်။ ကိုယ်လည်း စိတ်မပြတ်တော့ ပင်ပန်းရမယ်။ အကောင်းဆုံးက ကိုယ်မချေးနိုင်တဲ့ အနေအထားမျိုးမှာ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ချက်ချင်း ငြင်းလိုက်တာ ကောင်းပါတယ်။

(၃) အကြောင်းပြချက် ရှင်းရှင်းပေးပါ
အခုရှူပ်မှ နောင်ရှင်းမယ်ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ အရင်ဆုံးကိစ္စကို ရှင်းရှင်းလင်းလင်း ထိထိမိမိ ပြောပြီး ယဉ်ယဉ်ကျေးကျေးငြင်းပါ။ အခု ပိုက်ဆံ လာချေးတဲ့ သူငယ်ချင်းဟာ အရင့်အရင်ကလည်း ငွေကြေးမှာ ကတိမတည်ခဲ့ဖူးရင် ပိုပြီး ငြင်းရမယ့်အထဲ ထည့်ရမှာပါ။ အခုချိန်မှာ ကိုယ်လည်း အခက်အခဲရှိနေတဲ့အကြောင်း တိုတိုထိထိနဲ့သိမ်သိမ်မွေ့မွေ့ပြောပြလိုက်ပါ။ အရေးကြီးတာက ငွေလာချေးတဲ့ တစ်ဖက်လူကို အထင်သေးတဲ့ အပြုအမှူတစ်ခုမှ မလုပ်မိဖို့နဲ့ စကားလုံး ရွေးချယ်မှူ လိမ္မာယဉ်ကျေးဖို့လိုပါတယ်။

(၄) သင်ကူညီနိုင်သလောက် ကူညီပါ
အဆုံးခံနိုင်သလောက် ငွေချေးပါဆိုတဲ့ စကားရှိပါတယ်။ ဥပမာ – ကိုယ်က ငွေ ၁ သောင်း အဆုံးခံနိုင်တယ်ဆိုရင် ၂ သောင်း မချေးဖို့ပါပဲ။ သူလိုသလောက် မချေးဖြစ်တဲ့ နောက်ဆုံးမှာ ကိုယ်အဆုံးရှုံးခံနိုင်သလောက် ငွေကြေးပဲ ကူညီမယ်ဆိုရင် နောင်တရဖို့နည်းပါတယ်။ ငွေမချေးနိုင်ရင်တောင် နောက်ဆုံး တစ်ခြားနည်းလမ်းတွေနဲ့ တစ်ဖက်သားရဲ့ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ကူညီရှာပေးပြီး နှုတ်ကူခြင်းနဲ့စောင်မနိုင်ပါတယ်။

Lifestyle_Myanmar
ref-loandepot