နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းချင်သူတွေအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းလေးတွေက ထိရောက်မှုရှိပြီး ငွေကုန်ကြေးကျလဲမများတဲ့အတွက် လူတိုင်းလုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။
(၁) မနက်ခင်းလေ့ကျင့်ခန်းနဲ့စတင်ပါ
မနက်ခင်းမှာ အိပ်ယာကနိုးထလာတာနဲ့ တစ်ပြိုင်နက် ဖုန်းတွေ ကွန်ပြူတာတွေကို အရင်ပြေးမကိုင်ပါနဲ့။ တစ်ညလုံးအိပ်ထားတဲ့အတွက် ခန္ဓာကိုယ်က အကြောအချဉ်တွေက တုံ့ဆိုင်းနေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အကြောအချဉ်တွေ ပြေလျော့စေပြီး လန်းဆန်းတက်ကြွမှုအပြည့်နဲ့ နေ့သစ်ကိုစတင်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်ပေးသင့်ပါတယ်။ ဥပမာ လမ်းလျောက်ခြင်း အပြေးလေ့ကျင့်ခြင်း စက်ဘီးနင်းခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်ပါ။

(၂) မနက်စာကောင်းကောင်းစားပါ
လူတစ်ယောက်အိပ်ယာနိုးပြီး နာရီဝက်အတွင်းမှာ မနက်စာစားသုံးသင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ အများစုကတော့ မနက်စာကိုသေချာပြင်ဆင်လေ့မရှိပဲ ကြုံသလိုပဲစားလိုက်ပြီး တစ်ခါတစ်လေ မစားတဲ့ရက်တွေတောင်မှ ရှိကြပါသေးတယ်။ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။ မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့မနက်စာကောင်းကောင်းတစ်ခု စားသုံးဖို့လိုအပ်ပါတယ်။ ဒါမှလည်း Energy အပြည့်နဲ့ နေ့တစ်နေ့ကိုဖြတ်သန်းနိုင်မှာပါ။

(၃) ရေချိုးပါ
မနက်ခင်းရေချိုးခြင်းက ကျန်းမာရေးနဲ့လည်းညီညွှတ်သလို အပူလည်းကင်းစေပြီး ကိုယ်လက်ပေါ့ပါးလန်းဆန်းစေပါတယ်။ အများစုကတော့ မနက်ခင်းမှာ အေးလို့ အချိန်မရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်လက်သန့်ရှင်းတာ မျက်နှာသစ်သွားတာလောက်ပဲလုပ်ဆောင်ပြီး ညနေအပြင်ကပြန်ရောက်မှ ရေအဝချိုးတတ်တာပါ။ တကယ်တော့ မနက်ခင်းမှရေချိုးလိုက်ခြင်းက အညောင်းအညာပြေစေသလို စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

(၄) စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေဖတ်ပါ
မနက်အိပ်ယာနိုးတာနဲ့ လူအများစုက ဖုန်းတွေပဲသုံးနေမိကြတာပါ။ စာဖတ်ခြင်းက သင့်အတွက်အကောင်းဆုံးသော စွမ်းအားတွေကိုပေးစွမ်းတယ်ဆိုတာ မေ့လျော့နေတတ်ပါတယ်။လက်ရှိနယ်ပယ်အသီးသီးက အောင်မြင်နေတဲ့ပုဂ္ဂိုလ်တိုင်းလိုလို မနက်ခင်းကိုစာဖတ်ခြင်းနဲ့ စတင်ကြပါတယ်။ မနက်ခင်းမှာ စိတ်ကိုအဆိပ်အတောက်ဖြစ်စေမယ့် သတင်းတွေ Post တွေကို လူမှုကွန်ယက်တွေဖုန်းတွေသုံးပြီး ကြည့်မယ့်အစား စာအုပ်တစ်အုပ်သာ ကောက်ကိုင်လိုက်ပါ။

(၅) စိတ်ပူပန်မှုတွေကိုလျော့ချထားပါ
တစ်နေ့တာလုံး ခွန်အားအပြည့်နဲ့ လန်းဆန်းနေဖို့ မနက်ခင်းမှာ မကောင်းတဲ့အတွေးတွေ စိတ်ပူပန်စရာတွေကို မေ့ပျောက်ထားဖို့လည်းလိုပါမယ်။ မထင်မှတ်ဘဲ ကြုံလာရတဲ့ စိတ်ညစ်စရာတွေကိုလည်း အတတ်နိုင်ဆုံးမေ့ပျောက်ထားပါ။ မဟုတ်ရင်တော့ သင့်ရဲ့တစ်နေ့တာလုံးက စိတ်ညစ်စရာတွေနဲ့ ဖြတ်သန်းနေရတော့မှာမလို့ လန်းဆန်းတက်ကြွမှုဆိုတာလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။

Lifestyle_Myanmar
ref-everydayhealth