နေ့စဉ်မနက် ၁၀ နာရီ မတိုင်ခင် လေ့ကျင့်ခန်းတစ်ချို့ကို လုပ်ခြင်းက တစ်နေ့တာကို ကိုင်တွယ်ဖြေရှင်းရန် အသင့်အနေအထားရှိဖို့နဲ့ တတ်ကြွစွာ နေနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အိပ်ယာကနေ နိုးလာတဲ့အချိန် စိတ်ကြည်လင်နေဖို့လည်း အလေ့အကျင့်တစ်ချို့က ကူညီပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တွေက စိတ်ဖိစီးမှုကို လျော့ပါးစေပြီး အိပ်စက်ခြင်း၊ အချိန်စီမံ ခန့်ခွဲမှု စွမ်းရည်ကို မြှင့်တင်ပေးပြီး အလုံးစုံကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ အပျော်ရွှင်ဆုံး၊ ကျန်းမာဆုံးနဲ့ အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်ဖို့ မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့် ၆ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ
အိပ်ရာကနိုးတာနဲ့ ရေသောက်တာက သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပေးပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ပိုကောင်းတဲ့ ရလဒ်ကို ရချင်တယ်ဆိုရင် သံပုရာသီး၊ ပန်းသီးရှာလကာရည် တို့ကိုထည့်ပြီးသောက်တာက ပိုအာနိသင်ရှိစေပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူ Ingrid DeHart ရဲ့ အဆိုအရ ပန်းသီးရှာလကာရည်ကို ပုံမှန်သောက်သုံးခြင်းက ကိုလက်စထရောမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အရာအားလုံးကို ကူညီပေးနိုင်ပါတယ်။ မနက်စာနဲ့ ညစာမစားမီ ရေတစ်ဖန်ခွက်ထဲမှာ သန့်စင်ထားတဲ့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို သောက်ဖို့ သူမက အကြံပြုထားပါတယ်။

၂။ မျက်လုံးဖွင့်ပြီးတာနဲ့ ဖုန်းကြည့်တာကို ရှောင်ပါ
အိပ်ယာက နိုးတာနဲ့ အီးမေးလ်တွေ အားလုံးကိုဖတ်ခြင်း၊ သတင်းများကိုစစ်ဆေးခြင်းနဲ့ ဆိုရှယ်မီဒီယာအားလုံးက နံနက်ခင်းတွင် ပထမဆုံး စိတ်လန်းဆန်းမှုကို လျော့ကျစေပါတယ်။ အမှန်တကယ် ကြည့်ဖို့ လိုနေပြီး ကျန်းမာနေလိုပါက၊ သင့်ဦးနှောက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် စခရင်အချိန်တစ်ခုသို့ မရောက်ရှိမီ အနည်းဆုံး တစ်နာရီခန့် စောင့်ပါ။ ဒါက သင့်အား ပိုမိုရှင်းလင်းစေပြီး အာရုံစူးစိုက်မှုကိုဖြစ်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ
အကြောဆန့်ခြင်း၊ ကခုန်ခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်းက နံနက်စောစောတွင် သင့်ခန္ဓာကိုယ်ကို လှုပ်ရှားစေနိုင်ပါတယ်။၊ ကျန်းမာသောဘဝနေထိုင်ရန် အဓိကသော့ချက်တစ်ခုမှာ လှုပ်ရှားမှုဖြစ်ပြီး မည်သည့်ပုံစံဖြင့်မဆို လှုပ်ရှားခြင်းက သင့်အား ပျော်ရွှင်စေပြီး သင့်ခန္ဓာကိုယ်နှင့် စွမ်းရည်များအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပြီး ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်၊ နာတာရှည်ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပြီး အခြားအရာများစွာကို ကူညီပေးနိုင်ပါတယ်။

၄။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာစားပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာက သင့်ရဲ့ဇီဝြဖစ်ပျက်မှုကို ခုန်မြန်စေပြီး တစ်နေ့တာကို စိုးမိုးဖို့အတွက် မှန်ကန်တဲ့စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။ မနက်စာမှာ ပရိုတင်းဓာတ် လုံလောက်စွာရရှိဖို့က မနက်ခင်းတစ်လျှောက်လုံး စိတ်ကျေနပ်မှုရရှိစေဖို့ အရေးကြီးပါတယ်။ မနက်စာမှာ ပရိုတင်းဓာတ် အနည်းဆုံး 20 ဂရမ်လောက် စားပေးရင် ဝိတ်ကျဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၅။ သင်အကြိုက်ဆုံးဂီတကို နားထောင်ပါ
သင်နှစ်သက်တဲ့ တေးဂီတကို နားထောင်ခြင်း သို့မဟုတ် စိတ်အားတက်ကြွစေသော အသံစာအုပ်ကို နားထောင်ခြင်းက သင့်တစ်နေ့တာကို အောင်မြင်ရန် နောက်ထပ် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ သင်ပိုင်ဆိုင်လိုတဲ့ နေ့အမျိုးအစားပေါ် အခြေခံပြီး သင့်သီချင်းများ သို့မဟုတ် အော်ဒီယိုစာအုပ်ရဲ့ အမျိုးအစားနှင့် tempo ကို ချိန်ညှိပါ။ တေးဂီတနားထောင်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးတဲ့ Dopamine ကို တိုးစေပြီး စိတ်ခံစားချက်ကို ကောင်းစေပါတယ်။

၆။ မှန်ထဲမှာ စက္ကန့် 30 ကြာ ကိုယ့်ကိုယ်ကို ပြုံးပါ
ဒီလေ့ကျင့်ခန်းက အပြုသဘောဆောင်ပြီး စိတ်သဘောထားကို လှုံ့ဆော်ပေးတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ လူတိုင်းက မိုးလင်းတာနဲ့ အလှပြင်ပြီး အလုပ်သွားတတ်ကြပေမယ့် ကိုယ်တကယ် ပျော်နေတာမျိုး ရှိမရှိကို မတွေးတော့ပဲ နေတတ်ကြပါတယ်။ ဒါကြောင့် ရောင်ပြန်ဟပ်နေတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကြည့်ခြင်းက စိတ်ကြည်လင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။
Lifestyle_Myanmar
Nadi
ref-yourtango