Relationship လို့ဆိုလိုက်တာနဲ့ မလွယ်ဘူးဆိုတာကို အားလုံးသိကြမှာပါ။ ချစ်သူကောင်မလေးဆီမှာ အမှတ်ရဖို့အတွက် ကြိုးစားရတာလည်း အမောပါပဲ။ ဒါပေမယ့်လည်း မိန်းကလေးတွေကို နားလည်ရတာ အင်မတန်ခက်ခဲလွန်းပါတယ်နော်။ နားလည်သလိုလိုနဲ့ နားလည်ရခက်တဲ့အထဲမှာ မိန်းကလေးတွေက ထိပ်ဆုံးကပါတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလို နားလည်ရခက်တဲ့ မိန်းကလေးတွေရဲ့ အမျိုးသားတွေအပေါ်မှာ မျှော်လင့်တတ်တဲ့ အရည်အချင်းတွေက ဘာတွေဖြစ်မလဲဆိုတာ ဗဟုသုတအနေနဲ့ ဖတ်ကြည့်လိုက်ရအောင်ပါ။
၁။ တာဝန်ယူစိတ်
မိန်းကလေးအများစုမှာ အိမ်မက်စိတ်ကူးတွေ အပြည့်ရှိနေတာကြောင့် သူတို့ရဲ့ လက်တွဲဖော်အတွက်လည်း ရည်မှန်းချက်အပြည့်ရှိသူကို လိုလားကြပါတယ်။ အလုပ်နဲ့ပတ်သက်လို့ စိတ်အားထက်သန်ပြီး ကြိုးစားလုပ်ကိုင်တတ်ရုံသာမက တာဝန်ယူစိတ်အပြည့်ရှိတဲ့ အမျိုးသားတွေကို သဘောကျကြပါတယ်။

၂။ ကိုယ်ခန္ဓာအချိုးအစား
ဘယ်လောက်ပဲအတွင်းစိတ်ထားက အရေးကြီးတယ်ပဲပြောပြော အများစုကတော့ ခန္ဓာကိုယ်အချိုးအစား တောင့်တင်းပြီး ကြည့်လို့ကောင်းတဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျကြပါတယ်။ ဒါ့အပြင် အချိန်တိုင်း သန့်သန့်ပြန့်ပြန့်နေတတ်ပြီး ကိုယ့်ကိုယ်ကို ဂရုတစိုက်ရှိတတ်သူတွေကိုသာ ပိုပြီးအမှတ်ပေးတတ်ကြပါတယ်။

၃။ အကောင်းမြင်တတ်တဲ့ သဘောထား
ဘယ်မိန်းကလေးကတော့ အရာရာတိုင်းကို အဆိုးမြင်တတ်သူတွေနဲ့ အတူနေချင်မှာလဲနော်။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရလာနိုင်တာကို ဘယ်သူကလိုလားမှာပါလဲ။ ဒါ့ကြောင့် ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့လာရပါစေ ဘဝနဲ့ပတ်သက်လို့ အကောင်းမြင်တတ်သူတွေကိုသာ ပိုပြီးရွေးချယ်လိုကြပါတယ်။ အဆိုးဆုံးတွေကြုံတွေ့ရလို့ စိတ်ပင်ပန်းနေချိန်မှာ အနားမှာဖေးမပေးနိုင်မယ့်သူရှိရင်တော့ အကောင်းဆုံးပါပဲ။

၄။ စကားပြောရဆိုရလွယ်ကူသူ
စကားပြောရဆိုရ လက်ပေါက်ကပ်တဲ့လူကို ဘယ်သူမှ မနှစ်သက်ပါဘူး။ အများတကာနဲ့ စကားပြောရတာအဆင်ပြေပြီးတော့ လူတကာနဲ့ ပေါင်းသင်းဆက်ဆံတတ်သူကို မိန်းကလေးတိုင်း သဘောကျပါတယ်။ ဒီလိုပေါင်းရသင်းရ လွယ်ကူမှလည်း မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ပိုပြီးအဆင်ပြေချောမွေ့တာပေါ့။

၅။ ဉာဏ်ရည်ထက်မြက်မှု
အထက်မှာဖော်ပြခဲ့တဲ့ ပင်ကိုစရိုက်၊ အရည်အသွေးတွေအပြင်ကို ဉာဏ်ရည်ဉာဏ်စွမ်းလည်း ထက်မြက်တယ်ဆိုရင်တော့ မိန်းကလေးရဲ့ စိတ်ကူးအိမ်မက်ထဲက မင်းသားလေးလို့တောင် ဆိုနိုင်ပါတယ်။ တစ်ခုသိထားရမှာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြက်တယ်ဆိုတာက ကိုယ်သိထားတဲ့ ပညာတွေသာမဟုတ်ဘဲ ကောင်းမွန်တဲ့ ပင်ကိုစရိုက်လေးလည်း အတူတွဲပြီးပါနေမှပါ။
Lifestyle_Myanmar
ref-redbookmag