အမေရိကန်နိုင်ငံရဲ့ တတိယမြောက်သမ္မတတစ်ဦးဖြစ်သူ သောမတ်ဂျက်ဖာဆန်ရဲ့ ပြောကြားချက်အရ စိတ်ဆိုးဒေါသထွက်နေချိန်မှာ တစ်ကနေ တစ်ဆယ်အထိရေတွက်ပြီးမှ စကားပြောပါ။ တစ်ဆယ်အထိရေပြီးလို့မှ ဒေါသထွက်နေတုန်းပဲဆိုရင်တော့ တစ်ကနေ တစ်ရာအထိ ဆက်လက်ရေတွက်ပြီးမှ စကားပြောပါလို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် လူတွေက ဒေါသထွက်နေချိန်မှာ ဘာကိုမှ မမြင်တော့တဲ့အတွက်ကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို မချမိဖို့လည်း အရေးကြီးပါတယ်။ ဒေါသထွက်နေချိန်မှာ လုံးဝ မပြုလုပ်သင့်တဲ့အရာတစ်ချို့ကတော့ အောက်ပါအတိုင်းပါပဲ။
ဒေါသကို ဖုံးကွယ်ပစ်ခြင်း
လေ့လာချက်တွေအရ ဒေါသကို ဖုံးကွယ်ပစ်ခြင်းက ကျန်းမာရေးအတွက် မကောင်းသလို နှလုံးကိုလည်း ထိခိုက်စေပါတယ်။ ဖုံးကွယ်ထားခြင်းက မကောင်းဘူးဆိုတာနဲ့ပဲ ဒေါသထွက် ပေါက်ကွဲပစ်ရမယ်လို့ မဆိုလိုပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဒေါသကိုသေသေချာချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

ကားမောင်းခြင်း
ဒေါသထွက်နေချိန်မှာ အာရုံစူးစိုက်နိုင်စွမ်းတွေကလည်း လျော့ကျနေတာကြောင့် ကားမောင်းမယ်ဆိုရင် ယာဉ်မတော်မဆမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကားမောင်းမယ့်အစား လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းက သင့်ရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခြင်း
ဒေါသထွက်နေချိန်မှာ ဆိုရှယ်မီဒီယာတွေနဲ့ ဝေးဝေးနေတာအကောင်းဆုံးပါပဲ။ ဖေ့ဘုတ်ပေါ် တက်ရေးမယ်ဆိုရင် သင် စိတ်ဆိုးပြေတဲ့အခါ နောင်တရစရာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
အစား အလွန်အကျွံစားခြင်း
တချို့လူတွေက ဒေါသထွက်လာပြီဆိုရင် အစားအလွန်အကျွံစားပြီး ဒေါသဖြေလေ့ရှိပါတယ်။ အဲ့ဒီအခါ ပုံမှန်စားနေကျထက် ပိုစားမိတော့တာပါပဲ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့ အစာချေစနစ်ကို ဒုက္ခပေးရာရောက်သလို ကိုယ်ခံစွမ်းအားလည်း လျော့ကျသွားစေပါတယ်။

သင့်ကို ဒေါသထွက်အောင် ပြုလုပ်သူထံ မက်ဆေ့ချ်ပို့ခြင်း၊ ဖုန်းဆက်ခြင်း
စကားကျွံရင် ပြန်နုတ်လို့မရတာကြောင့် စိတ်ဆိုးနေချိန်မှာ သင့်တင့်လျောက်ပတ်ပြီး မှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့ ပြောဆိုနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒေါသထွက်အောင် ပြုလုပ်တဲ့သူနဲ့ ဖုန်းမပြောတာအကောင်းဆုံးပါပဲ။ မက်ဆေ့ချ်ပို့ချင်တယ်ဆိုရင်လည်း စာရေးရုံသာ ရေးထားပြီး ခဏလောက် Save ထားပါ။ စိတ်ဆိုးပြေချိန်မှ ထိုစာကို ပြန်စစ်ပြီး ပို့ရပါမယ်။ ဒါမှ နောင်တရစရာနဲ့ မကြုံတွေ့ရမှာပါ။

Lifestyle_Myanmar
ref-