ဒီအရည်အချင်းတွေ သင့်မှာရှိနေပြီဆိုရင် သင်ဟာရင့်ကျက်သူတစ်ယောက်ဖြစ်နေပါပြီ

0
32

လူပျို၊ အပျိုဖော်ဝင်ပြီ ဒါမှမဟုတ် အသက် ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ပဲ သင့်ကိုယ်သင် ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်ပြီလို့ အလိုအလျောက် ယူဆလို့မရနိုင်ပါဘူး။ တစ်ချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့်တော့ လူကြီးတစ်ယောက်ဖြစ်လာဖို့ အဝေးကြီးလိုပါသေးတယ်။ သင့်ကို ကလေးဆန်တဲ့ သို့မဟုတ် မရင့်ကျက်သေးသူတစ်ယောက်လို့ သူများအပြောခံနေရတာတွေကနေ ရုန်းထွက်ဖို့အတွက် တချို့သောလက္ခဏာရပ်တွေကို ပြသဖို့တော့လိုပါလိမ့်မယ်။ ဥပမာ တခြားသူတွေအတွက် ပျော်ရွှင်ဝမ်းသာပေးတတ်ခြင်းမျိုးဖြစ်ပါတယ်။

-Advertisement-

ဒါကြောင့် ရင့်ကျက်ပြီဖြစ်တဲ့ လူကြီးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုခေါ်ဆိုနိုင်ဖို့အတွက် သင့်ဆီမှာရှိထားသင့်တဲ့ လက္ခဏာရပ်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်း

တခြားသူတွေရဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေကြောင့် သူတို့အပေါ် လွယ်လင့်တကူ ဒေါသထွက်မယ့်အစား ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို မြန်မြန်ဆန်ဆန်ထိန်းချုပ်ပြီး ပြန်လည်စစ်ဆေးခြင်းကသာလျှင် ရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရင့်ကျက်တယ်ဆိုတာဟာ ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကြောင့် ဝုန်းဒိုင်းကြဲပြီး ပြုမူခြင်းလုံးဝမရှိခြင်းကိုသာ ခေါ်ဆိုခြင်းပါ။

၂။ ကိုယ့်ကိုယ်ကိုအတွက်နဲ့ ကိုယ်ပိုင်လုပ်ရပ်တွေအပေါ် တာဝန်ယူစိတ်ရှိခြင်း

လူသားအားလုံးဟာ နေ့စဥ်နေ့တိုင်း ဆုံးဖြတ်ချက်တွေချနေရပြီးတော့ ထိုဆုံးဖြတ်ချက်တွေနောက်မှာ အကျိုးဆက်တွေက အမြဲကပ်ပါနေလျက်ပါ။ ရင့်ကျက်သောသူတစ်ယောက်ကတော့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံတတ်၊ တာဝန်ယူတတ်ကြပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်၊ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် ကြုံလာရတဲ့အရာတွေအတွက် ကိုယ့်ဘာသာ ရှင်းလင်းမယ်ဆိုတဲ့အခါ သင်ဟာရင့်ကျက်သူတစ်ယောက်ဖြစ်နေပါပြီ။

၃။ ကိုယ့်မှာရှိတဲ့အရာအတွက် ကျေးဇူးတင်တတ်ခြင်း

ရင့်ကျက်သူတစ်ယောက်ရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ကိုယ့်မှာမရှိတဲ့အရာတွေအတွက် သောင်းကျန်းပူဆူနေမယ့်အစား ရှိတာလေးနဲ့ပဲ ကျေနပ်တတ်ခြင်းဖြစ်ပါတယ်။ အရာအားလုံးကို ပေါ့ပေါ့တန်တန်လည်း တွေးတတ်သူတွေမဟုတ်ပါဘူး။

၄။ ကိုယ့်ရဲ့အရှိကိုအရှိအတိုင်း လက်ခံနိုင်ခြင်း

ကိုယ့်ရဲ့အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ဆိုတာဟာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အထူးသဖြင့် တခြားသူတွေက ပြောင်းလဲသင့်ပြီလို့ သင့်ကိုအမြဲတမ်းပြောနေချိန်တွေဆိုရင် ပိုဆိုးပါတယ်။ သို့သော်လည်း သင်ဟာရင့်ကျက်သူတစ်ယောက်ဆိုရင်တော့ အရှိကိုအရှိအတိုင်းလက်ခံနိုင်ပြီး ကိုယ့်ကိုယ်နဲ့ပတ်သက်လို့လည်း ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်လို ပုံစံမျိုးနဲ့နေထိုင်ပြီး တခြားသူတွေစိတ်ချမ်းသာအောင် ပြုလုပ်ချင်စိတ်ရှိခြင်းထက် ကိုယ့်ပုံမှန်ပုံစံအတိုင်း နေထိုင်ခြင်းက ပိုပြီးသက်သောင့်သက်သာရှိပါတယ်။

၅။ ကိုယ်မသိတဲ့အရာတွေ ဒီလောက်ရှိသေးပါလားဆိုပြီး သဘောပေါက်ခြင်း

လူတစ်ယောက်က အရာအားလုံးကို သိဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပေမယ့်လည်း သူတို့မသိတာကို သေချာနားလည်သဘောပေါက်ဖို့အတွက် လူတစ်ယောက်က ရင့်ကျက်ဖို့လိုအပ်ပါတယ်။ အကယ်လို့ သင်သာရင့်ကျက်သူတစ်ယောက်ဆိုရင် မာနာတွေခဝါချပြီး သင့်ထက်ငယ်ရွယ်သူဆီကနေတောင်မှ သင်ယူလေ့လာဖို့ကို အမြဲစိတ်အားထက်သန်နေပါလိမ့်မယ်။

၆။ တခြားသူတွေအတွက် ထောက်ထားညှာတာတတ်စိတ်ရှိခြင်း

အကြင်နာမေတ္တာ၊ သနားဂရုဏာစိတ်ရှိခြင်းကလည်း ရင့်ကျက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုတွေကို ရှေ့တန်းတင်မယ့်အစား တခြားသူတွေအတွက် အမြဲစဥ်းစားပေးပါလိမ့်မယ်။ ကိုယ့်ရဲ့လိုချင်တပ်မက်မှုတွေကို လေ့လာလိုက်စားမယ့်အစား တခြားသူတွေအတွက်ကို အနစ်နာခံတတ်ကြပါတယ်။ တခြားသူတွေ အောင်မြင်တဲ့အခါမှာလည်း သူတို့အပေါ် မနာလိုသဝန်တိုမယ့်အစား အပျော်ကြီးပျော်ပြီး ဂုဏ်ပြုချီးမြှင့်ပေးပါလိမ့်မယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here