Comfort Zone ကနေ ရုန်းထွက်နိုင်ဖို့လိုလာတဲ့အခါမျိုးတွေမှာ တစ်ယောက်ထဲ ခရီးထွက်လိုက်ခြင်းက သင့်ကို ယုံကြည်မှုတွေ ပြန်ရလာဖို့ ကူညီပေးမှာပါ။ တကယ်တမ်း တစ်ယောက်ထဲခရီးသွားနိုင်ဖို့ဆိုတာကတော့ အခက်အခဲနဲ့ အန္တရာယ်တွေများလှပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ယောက်ထဲ ခရီးသွားခြင်းကနေ မိမိကိုယ်ကို ယုံကြည်မှုဘယ်လိုတိုးလာစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။
အရာရာကို ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်လာမယ်
တစ်ကိုယ်တည်း ခရီးသွားခြင်းဟာ သင်လုပ်ချင်ရာလုပ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုပါ။ ဘယ်သူကမှ သင့်ကို ဘယ်သွားပြီးဘာလုပ်ရမယ်၊ သင့်အချိန်တွေကိုဘယ်လိုအသုံးချသင့်တယ်ဆိုတာမျိုး လိုက်ပြောနေမှာမဟုတ်ပါဘူး။ တစ်နေကုန်လည်ပတ်နေမလား၊ မိမိနှစ်သက်တဲ့နေရာတစ်ခုတည်းမှာပဲ အချိန်ဖြုန်းမလား၊ ကော်ဖီဆိုင်လေးတစ်ခုမှာ ထိုင်ပီးတွေးနေမလား စတဲ့ မိမိ နှစ်သက်ရာကို အချိန်ဇယား မကန့်သတ်ဘဲ စိတ်တိုင်းကျ လုပ်နိုင်မှာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေနဲ့ကြုံလာတဲ့အခါ တစ်ကိုယ်တည်းကျော်လွှားလာနိုင်ခြင်း
တစ်ယောက်ထဲခရီးသွားတဲ့အခါ အားကိုးမယ့်သူမရှိတဲ့အတွက် ဒါဟာသင့်ရဲ့ကြံ့ခိုင်မှုကို စမ်းသပ်တာနဲ့တူပါတယ်။ တစ်ယောက်ထဲသွားရတဲ့အခါမှာ သင်ဟာ လမ်းပျောက်နိုင်တယ်၊ ရထားမမှီတာမျိုး ဘတ်စ်ကားလွတ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေတွေကို တစ်ကိုယ်ထဲ ကျော်ဖြတ်နိုင်ခြင်းဟာ သင့်ကိုယ်သင် အားကိုးနိုင်ခြင်း နဲ့ ယုံကြည်မှုရှိလာခြင်းပဲဖြစ်ပါတယ်။

ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိလာမယ်
တစ်ယောက်ထဲခရီးသွားချိန်မှာ မသိတဲ့ လူအမျိုးမျိုးနဲ့ ဆက်ဆံရပါတယ်၊၊ မတူညီတဲ့လူတွေနဲ့ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ၊ ဘယ်အရာတွေက မိမိကို ပျော်ရွှင်မှုပေးနိုင်မလဲ စတာတွေကို စဉ်းစားရတဲ့အတွက် ကိုယ့်အကြောင်းကိုယ် ပိုနားလည်လာစေပါတယ်။ ဥပမာ ပျော်ရွှင်ဖို့အတွက် ကိုယ်ကြိုက်တဲ့အစားအစာတစ်ခုခုစားပြီး ကိုယ့်ကိုကိုယ်ဂုဏ်ပြုသလိုပေါ့။ ဒါဟာ အထီးကျန်ခြင်းမဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးတာပါ။

သင်လုပ်ခဲ့တဲ့အရာတွေ အတွက် သင့်ကိုယ်သင် ဂုဏ်ယူနိုင်လာမယ်
တစ်ယောက်ထဲ ခရီးထွက်ခြင်းက စိန်ခေါ်မှုတွေ၊ စိတ်ပူစရာတွေနဲ့ စိတ်ရှုပ်စရာ အများအပြားကြုံတွေ့နိုင်တာကြောင့် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ဟာ ထူးခြားဆန်းပြားတဲ့ ရိုးရာအစားအသောက်တွေ၊ လူမျိုးခြားတွေရဲ့ နေထိုင်မှုပုံစံတွေကိုပါ သိရှိနိုင်မှာဖြစ်တဲ့အတွက် တစ်ယောက်ထဲခရီးထွက်နိုင်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။ သင့်စိတ်ထဲမှာလည်း သင်က ကိစ္စတစ်ခုကိုအောင်မြင်အောင်လုပ်နိုင်တဲ့ သူတစ်ယောက်အဖြစ် အမြဲဂုဏ်ယူနေနိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-travelnation