လူတိုင်းမှာ ကိုယ်ကအားတက်သရော စေတနာဗလဗွနဲ့ ကူညီလိုက်ပါသော်လည်း တစ်ဖက်သားက ကိုယ့်ရဲ့ စေတနာတွေကို အသိအမှတ်မပြုတာတွေကြုံရတဲ့အခါ စိတ်ပျက်ရတာတွေ စိတ်ကသိကအောင့်ဖြစ်ရတာတွေ ခံစားရဖူးမှာပါ။ ဒီလို ကိုယ့်ရဲ့စေတနာတွေကို သဲထဲရေသွန်သလို ပြုမူခံလိုက်ရတဲ့အချိန်မျိုးမှာ ဘယ်လိုတုံ့ပြန်မှာလဲ။ ဘယ်လိုတုံ့ပြန်ဖို့ စိတ်ကူးထားပါသလဲ။
အားတက်သရောကူညီစရာရှိတာ ကူညီလိုက်ပါ
ဘယ်လိုပဲ ကိုယ့်စေတနာတွေ အစော်ကားခံရပါစေ စိတ်ပျက်မသွားပါနဲ့။ စိတ်ကသိကအောက် ဖြစ်မသွားပါနဲ့။ ကိုယ့်ရဲ့ ဖြူစင်တဲ့ စေတနာတွေကို အရောင်မဆိုးလိုက်ပါနဲ့။ အပျက်ဆီးမခံလိုက်ပါနဲ့။ အားတက်သရောနဲ့ ကိုယ်ကူညီစရာရှိတာသာ ကူညီပေးလိုက်ပါ။ ကိုယ့်ရဲ့ စေတနာအတိုင်းသာ ပြုမူဆောင်ရွက်ပါ။ တဖက်သူရဲ့ တုံ့ပြန်မှု မပြန်မှုအပေါ် အာရုံစိုက်မနေပါနဲ့။

စေတနာမထိရောက်တာကို စိတ်မကောင်းမဖြစ်ပါနဲ့
ကိုယ်ကစေတနာနဲ့ ကူညီပေးပါသော်လည်း သူတို့လိုချင်တဲ့အထိမရတာ၊ သူတို့လိုချင်တဲ့အရာမဟုတ်တဲ့အတွက် အကူအညီပေးတဲ့ ကိုယ့်ကို ပြန်ရန်တွေ့တာ၊ ရန်လုပ်တာတွေ ရှိတတ်ပါတယ်။ ဒီအခါမှာလည်း ကိုယ့်ရဲ့ စေတနာမထိရောက်တဲ့အတွက် စိတ်မကောင်းမဖြစ်လိုက်ပါနဲ့။ ကိုယ်တတ်စွမ်းသလောက် ကူညီခဲ့တယ်လို့ပဲ ဖြည့်တွေးလိုက်ပါ။

လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာ ရှိကြပါတယ်
ကိုယ်က ကူညီပေးတာတောင် ကိုယ့်ကိုအကောင်းမပြောဘဲ ရန်ပြန်လုပ်တာတွေ၊ ကိုယ့်ရဲ့ စေတနာက တစ်ဖက်လူအပေါ် တကယ်အကျိုးမသက်ရောက်သွားတာတွေ၊ ကိုယ့်စေတနာတွေက သဲထဲရေသွန်ဖြစ်သွားရလို့ စိတ်ပျက်ရတာတွေ ဒါတွေကို တတ်နိုင်သမျှ ခေါင်းထဲက ထုတ်လိုက်ပါ။
လူတွေကို ကိုယ်တတ်နိုင်သမျှ ကူညီလိုက်ပါ။ တကယ်လို့များ ကိုယ့်အတွက် သူ့ရဲ့တုံ့ပြန်မှုတွေဟာ အရမ်းကို နေရထိုင်ရခက်စေပြီး စိတ်ကသိကအောင့်ဖြစ်စေတယ်ဆိုရင် နောက်များမှာ ဒီလိုလူတွေကို ဝေးဝေးကသာ ရှောင်လိုက်ပါ။ ကိုယ့်ရဲ့ စိတ်ကောင်းစေတနာလေးတွေကိုတော့ ဘယ်နည်းနဲ့မှ အပျက်မခံလိုက်ပါနဲ့။

Lifestyle_Myanmar
ref-peacefulsoul