လမ်းလျှောက်ခြင်းဆိုတာ နေ့စဉ်ဘဝမှာ အမြဲတမ်းပြုလုပ်နေကြ အလေ့အထတစ်ခုဖြစ်တာကြောင့် သာမန်ပဲလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် လမ်းလျောက်ခြင်းက ခန္ဓာကိုယ်အပေါ် ကောင်းကျိုးတွေများစွာဖြစ်စေတဲ့ အလေ့အထတစ်ခုဆိုတာတော့ လူတွေသိပ်မသိကြပါဘူး။ ဒီနေ့မှာတော့ တစ်နေ့ကို နာရီဝက်လောက် လမ်းပုံမှန်လျောက်ခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) သက်ရှည်ကျန်းမာစေတယ်
မနက်ခင်းပဲဖြစ်ဖြစ် ညနေခင်းမှာပဲဖြစ်ဖြစ် နာရီဝက်လောက် အချိန်ပေးပြီးလမ်းလျောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးတာကြောင့် တော်ရုံနှလုံး သွေးတိုး ဆီးချိုရောဂါတွေမဖြစ်တော့ပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်စွာနေထိုင်သွားနိုင်မှာဖြစ်ပါတယ်။

(၂) ဝိတ်ကျစေတယ်
ကိုယ်အလေးချိန်လျော့ချဖို့ စိတ်ကူးနေတဲ့သူတွေအတွက် ငွေကုန်ကြေးကျနည်းပြီး အချိန်လည်းအများကြီးပေးစရာမလိုတဲ့ လ့ကျင့်ခန်းတစ်ခုက လမ်းလျှောက်ခြင်းပါပဲ။ခပ်သွက်သွက်လမ်းလျောက်ပေးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး သက်လုံလည်းကောင်းစေပါတယ်။ဒါကြောင့် ဝလို့စိတ်ညစ်နေတဲ့သူတွေ အနေနဲ့ တစ်နေ့ကိုနာရီဝက်လောက်အချိန်ပေးပြီး လမ်းလျောက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(၃) စိတ်ဖိစီးမှုလျော့ကျစေတယ်
စိတ်ဖိစီးမှုများတဲ့ ရုံးဝန်ထမ်းတွေအနေနဲ့ နေ့တိုင်းပုံမှန်လမ်းလျောက်ခြင်း လေ့ကျင့်ခန်းလုပ်ဆောင်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထိုင်များတဲ့ရုံဝန်ထမ်းတွေအတွက် လမ်းလျောက်ခြင်းလုပ်ဆောင်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အကြောအချဉ်တွေကို ပြေလျော့စေတာပြီး ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကို သန်မာစေတာကြောင့် အညောင်းမိတာ ကြွက်သားနာကျင်ကိုက်ခဲတာတွေ မဖြစ်တော့ပါဘူး။ ဒါ့အပြင် လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတာကြောင့် အလုပ်မှာ စိတ်ဖိစီးမှုများတဲ့သူတွေအတွက် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

(၄) ကောင်းစွာအိပ်ပျော်စေတယ်
ညဘက်တွေမှာကောင်းစွာအိပ်မပျော်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ လမ်းလျောက်ခြင်းလေ့ကျင့်ခန်းကို အခုပဲစတင်ပြီး လုပ်ဆောင်လိုက်ပါ။ လမ်းလျောက်ခြင်းက ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်စေပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ကိုလည်း ကူညီပေးပါလိမ့်မယ်။ နောက်ပြီး မနက်ခင်း အိပ်ယာနိုးတဲ့အခါမှာလည်း လန်းဆန်းတက်ကြွမှုအပြည့်နဲ့ နိုးထနိုင်တာကြောင့် တစ်ရက်ကိုနာရီဝက်ခန့် လမ်းလျောက်ခြင်းလေ့ကျင့်ခန်းပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
Lifestyle_Myanmar
ref-betterhealth