လူတွေအားလုံးရဲ့အတွေးမှာ Single လို့ပြောလိုက်ရင် တစ်ကိုယ်တည်း အဖော်မဲ့နေတဲ့ သနားစရာလူတွေလို ထင်ချင်ထင်ကြပါလိမ့်မယ်။ တကယ်တော့ Single တို့ဘဝက ဘယ်လောက်တောင် ကျေနပ်စရာကောင်းတဲ့အရာတွေနဲ့ ပြည့်နှက်နေပြီး သာယာပျော်ရွှင်နေရတယ်ဆိုတာတော့ လူတွေသိပ်မသိကြပါဘူး။ ဒီတစ်ခေါက်မှာတော့ Single တို့သာ ခံစားနိုင်မယ့် ပျော်ရွှင်စရာကောင်းတဲ့ ဘဝအခြေအနေတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုချစ်တက်လာမယ်
လူအများစုက Single တွေမှာ ချစ်ရမယ့်လူမရှိဘူးလို့ ထင်တတ်ကြပါတယ်။ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုထက် တခြားသူကို လိုက်ချစ်နေရတာက ပိုပြီးပင်ပန်းဆင်းရဲရပါတယ်။ ကိုယ်ပျော်ရွှင်ဖို့ ကိုယ်စိတ်ချမ်းသာဖို့ဆိုတာထက် တခြားသူကို အရာရာအားလုံး လိုက်စဉ်းစားပေးရတဲ့အတွက် ကိုယ့်ကိုယ်ကိုချစ်ဖို့ သနားဖို့မေ့နေကြတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်ကိုယ်ကိုချစ်တတ်မှ တခြားသူတွေကလည်း ကိုယ့်ကိုချစ်မှာပါ။ FA ဘဝမှာ အချိန်ပြည့်ကိုယ့်အတွက်ကိုစဉ်းစားပေးနိုင်သလို ကိုယ်စိတ်ချမ်းသာမယ့်အရာတွေကို စိတ်ကြိုက်လုပ်နိုင် ကိုယ့်ကိုယ်ကို အပြည့်အဝချစ်နိုင်မှာဖြစ်ပါတယ်။

(၂) သောကကင်းကင်းနေနိုင်မယ်
လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုတာ တော်ရုံမလွယ်ပါဘူး။ ဒီလိုလူနှစ်ယောက်ပေါင်းဖက်ပြီး သောကကင်းကင်းနေနိုင်ဖို့ဆိုတာက ပိုတောင်ခက်ခဲပါသေးတယ်။ တစ်ကိုယ်တည်းနေထိုင်တယ် ဆိုရင်တော့ ပဋိပက္ခတွေ နားလည်မှုလွဲတာတွေ ပြဿနာတွေဆိုတာလည်း လုံးဝရှိတော့မှာမဟုတ်ပါဘူး။ တစ်ယောက်တည်းငြင်းခုန်ရတာတွေ ပြဿနာတွေမရှိတဲ့အတွက် သောကကင်းကင်းနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

(၃) ဝါသနာပါရာကိုအချိန်ပေးလုပ်ဆောင်နိုင်မယ်
တစ်ချို့သောလူတွေမှာ လက်ရှိအခြေအနေတွေကြောင့် ဝါသနာကိုစွန့်လွတ်ပြီး နေကြရတာတွေ အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ အချိန်ပေးစရာလူမရှိတဲ့အတွက် အချိန်တိုင်းက ကိုယ့်အတွက်လိုအပ်သလို အသုံးချနိုင်မှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကိစ္စတိုင်းကိုလည်း အနှောင့်အယှက်ကင်းကင်းနဲ့ အချိန်အပြည့်အဝပေးပြီး စနစ်တကျလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၄) ပိုက်ဆံပိုစုမိလာမယ်
Rs တွေရှိတဲ့လူနဲ့ တစ်ကိုယ်တည်းသမားတစ်ယောက်ရဲ့ ထွက်ငွေမှာ ဘယ်သူကပိုပြီး ငွေကုန်ကြေးကျများမယ်ဆိုတာ အားလုံးလည်းခန့်မှန်းမိကြမယ်ထင်ပါတယ်။တစ်ကိုယ်တည်းသမားဖြစ်တဲ့အတွက် တော်ရုံငွေယိုပေါက်ကလည်း မရှိတော့ပါဘူး။ ကိုယ်ရဲ့အသုံးစရိတ်ကိုစီမံပြီး စုနိုင်သလောက် ငွေစုနိုင်မှာဖြစ်ပါတယ်။ ရသမျှဝင်ငွေကိုထိန်းသိမ်းသုံးစွဲပြီး စုသင့်သလောက်စုရင် ကိုယ့်အတွက်နောင်ရေးက ပိုမိုစိတ်ချရမှာဖြစ်ပါတယ်။

(၅) ခံစားရတာတွေလျော့လာပြီး ပျော်ရွှင်လာမယ်
အကြောင်းအမျိုးမျိုးကြောင့် ကွဲကြပြဲကြဖြစ်နေတဲ့ခေတ်ကြီးမှာ အသည်းကွဲဖို့ရာခိုင်းနှုန်းက အရမ်းကိုများပါတယ်။ အသည်းကွဲတယ်ဆိုရုံနဲ့ မပြီးပါဘူး။ အသည်းကွဲတာနဲ့အတူစိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေကပ်ပါလာပြီး ပျော်ရွှင်မှုတွေပျောက်ဆုံးမယ် ခံစားရမယ် အလုပ်နဲ့နေ့စဉ်ဘဝမှာပါ အဆိုးဖက်ကိုသွားတဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။တစ်ကိုယ်တည်းသမားတွေအတွက်တော့ အသည်းကွဲတာခံစားရတာတွေမရှိတဲ့အတွက် နေရတဲ့ဘဝက ပိုပြီးကျေနပ်ပျော်ရွှင်ဖို့ ကောင်းနေမှာသေချာပါတယ်။

Lifestyle_Myanmar
ref-healthline