တစ်ကိုယ်တည်းသမားတွေရဲ့ဘဝဟာ အထီးကျန်ဆန်လွန်းတယ် ထင်ရပေမယ့် မိမိဘဝ မိမိရဲ့အချိန်တွေကို စိတ်ကြိုက်ဆုံးဖြတ်နိုင်တဲ့အတွက် တစ်ဘက်ကကြည့်ရင် အရမ်းကိုကျေနပ်စရာကောင်းပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့နေ့စဉ် ဘဝကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် အများကြီးမူတည်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းနေရသူတွေအတွက် နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိရှိနဲ့ အထီးကျန်မှုကင်းဝေးအောင် ဘယ်လိုဖြတ်သန်းသင့်တယ်ဆိုတဲ့ အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
အားကစား လုပ်ပါ
တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထဲမှာပဲ မှိုင်တွေနေမယ်ဆိုရင် ကြာလာတဲ့အခါ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်သလို စိတ်ကျရောဂါလည်း ဝင်လာတတ်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာသန်ဖို့သာမက စိတ်ကိုလည်း တက်ကြွလန်းဆန်းစေဖို့အတွက် တစ်နေ့ကိုအနည်းဆုံးတစ်နာရီခန့် အချိန်ပေးပြီး မိမိကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခု လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

ပရဟိတအသင်းအဖွဲ့တွေမှာ ပါဝင်ပါ
ပရဟိတအသင်းတွေ လူမှုကူညီရေးအသင်းတွေမှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့် တစ်ကိုယ်တည်းပျင်းစရာကောင်းတဲ့ ဘဝကိုစွန့်လွှတ်နိုင်မှာဖြစ်ပြီး မိတ်ဆွေအသစ်တွေလည်း ရရှိလာနိုင်ပါတယ်။ လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် အမြင်အသစ် ၊ အတွေးအခေါ်အသစ်တွေ ၊ ဗဟုသုတနဲ့ အသိပညာပိုင်းဆိုင်ရာမှာလည်း အများကြီးတိုးတက်လာစေမှာဖြစ်ပါတယ်။

သင်တန်းတစ်ခုခု တက်ပါ
တစ်ကိုယ်တည်သမားတွေအနေနဲ့ ကိုယ်ဝါသနာပါရာ သင်တန်းတစ်ခုခု ရွေးချယ်တက်သင့်ပါတယ်။ ကိုယ့်မှာ အချိန်ပေးစရာ တခြားအရာတွေလည်း မရှိတာကြောင့် ကိုယ်ရဲ့အချိန်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်သလို ကိုယ်လေ့လာချင်တဲ့အရာတွေမှန်သမျှ အကောင်းဆုံးလေ့လာနိုင်မှာဖြစ်ပါတယ်။ လောကမှာ လေ့လာသင်ယူစရာတွေဟာ ဘယ်တော့မှ ကုန်သွားတယ်ဆိုတာမရှိတဲ့အတွက် မိမိဘဝကို ပိုမို မြှင့်တင်ပေးနိုင်တဲ့ သင်တန်းကောင်းလေးတွေ ရွေးချယ်တက်သင့်ပါတယ်။

ခရီးသွားပါ
တစ်ယောက်ထဲခရီးသွားခြင်းက ပိုပြီးပျော်ရွှင်စရာကောင်းတယ် ဆိုတာ သင်သိပါသလား။ ခရီးသွားခြင်းဟာ စိတ်အပန်းပြေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်သလို တစ်ယောက်တည်း ခရီးသွားတဲ့အတွက် ကုန်ကျစရိတ်လည်း အများကြီးသက်သာစေပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ တည်းခိုစရာနေရာကအစ ညှိနှိုင်းစရာမလိုပဲ ကိုယ်စိတ်ကြိုက် ဆုံးဖြတ်နိုင်ခွင့်ရှိတာကြောင့် အဆင်မပြေမှုတွေ ညှိနှိုင်းစရာတွေရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်ကိုယ်တည်းသမားတွေအနေနဲ့ မကြာခဏခရီးသွားခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

တိရိစ္ဆာန်လေးတွေ မွေးပါ
အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ လူတွေအတွက်အကောင်းဆုံး အဖော်ပြုပေးတဲ့ အရာလေးတွေဖြစ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ အပျင်းလည်းပြေစေသလို သင့်ရဲ့ စိတ်ဖိစီးမှုတစ်စိတ်တစ်ပိုင်းကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ တစ်ချို့သောတိရိစ္ဆာန်လေးတွေဆိုရင် ကိုယ့်ကိုအဖော်ပြုပေးရုံသာမက အိမ်ရဲ့လုံခြုံရေးအတွက်ပါ စိတ်ချရတာကြောင့် တစ်ကိုယ်တည်းသမားတွေအနေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးကြည့်ဖို့ အကြံပြုချင်ပါတယ်။

Lifestyle_Myanmar
ref-verywellmind