ထိတ်လန့်စိတ်တွေကြောင့် ဘဝမှာထင်သလောက် မတိုးတက်တာတွေ အောင်မြင်ဖို့ ကြန့်ကြာသွားစေတာတွေ ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ဖို့ နှောင့်နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။ သင့်ဘဝကို အမှန်တကယ်ပဲ တိုးတက်ပြောင်းလဲချင်တယ်ဆိုရင် အခုပြောပြမယ့် ကြောက်စိတ်တွေကို သင့်ဘဝထဲကနေ အပြီးတိုင်ဖယ်ရှားလိုက်ဖို့ အကြံပြုချင်ပါတယ်။
(၁) ကျရှုံးမှာကြောက်တဲ့စိတ်
လူတိုင်းလူတိုင်းကတော့ ဘဝမှာ ကျရှုံးမှုတွေနဲ့ကြုံရမှာကို ကြောက်ကြတဲ့ သူတွေကြီးပါပဲ။ သို့သော်လည်း သင့်အနေနဲ့ ကျရှုံးမှာကြောက်ပြီး ဘာမှမလုပ်ဘူးဆိုရင် အောင်မြင်မှုဆိုတာလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က အောင်မြင်နေသူအများစုရဲ့ဘဝတွေမှာလည်း ကျရှုံးခြင်းတွေများစွာရှိခဲ့ကြပါတယ်။ ကျရှုံးခြင်းတွေက အောင်မြင်ဖို့အတွက် အကောင်းဆုံးသင်ခန်းစာတွေဆိုတာမမေ့ပါနဲ့။ ဒါကြောင့် ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် ကျရှုံးမှာမကြောက်ပါနဲ့။ ကျရှုံးမှုတွေကြုံခဲ့ရင်တောင် အကောင်းဆုံးသင်ခန်းစာယူပြီး ပြန်လည်ရုန်းထနိုင်ဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။

(၂) ပြောင်းလဲဖို့ကြောက်တဲ့စိတ်
သင့်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ အရာတွေပိုင်ဆိုင်နိုင်ဖို့ ရည်းမှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ပြောင်းလဲခြင်းတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိရပါမယ်။ Comfort Zone ထဲက ရုန်းမထွက်သ၍တော့ သင့်အနေနဲ့ မျှော်မှန်းထားတဲ့ အောင်မြင်မှုကိုရရှိဖို့ ခက်ခဲနေမှာပါ။ လက်ရှိ အဆင်ပြေရုံဆိုတဲ့ အခြေအနေကိုဖက်တွယ်ပြီး ပြောင်းလဲဖို့ တွန့်ဆုတ်နေမယ်ဆိုရင် ယခုအခြေအနေထက် ပိုကောင်းတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးရနိုင်ပါတယ်။ ဒါ့ကြောင့် ဘဝမှာ အပြောင်းအလဲတွေကိုမကြောက်ပါနဲ့။ သတ္တိရှိရှိနဲ့ ပြောင်းလဲလိုက်ပါ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လိုက်ပါ။

(၃) ဝေဖန်ခံရမှာကြောက်တဲ့စိတ်
လူအများစုဟာ သူတို့ပတ်ဝန်းကျင်က လူတွေရဲ့အမြင်တွေ သုံးသပ်ချက်တွေကို သိပ်ပြီးအလေးနက် ထားတတ်ကြပါတယ်။ သင့်အနေနဲ့ တခြားသူတွေရဲ့ အမြင်တွေကိုပဲ ဦးစားပေး အလေးအနက်ထားလွန်းရင် ကိုယ်ကိုယ့်ကို ယုံကြည်မှုပျောက်ဆုံးပြီး စိုးရိမ်စိတ်နဲ့ကြောက်စိတ်တွေကသာ ပိုပြီးနေရာယူလာမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ယုံကြည်ရာ စိတ်ကူးအိပ်မက်တွေကို လုပ်ဆောင်ရာမှာ တခြားသူတွေရဲ့အမြင်တွေ ဝေဖန်မှုတွေကို လျစ်လျူရှုထားသင့်ပါတယ်။ သူများတွေရဲ့ အမြင်တွေကို ဝေဖန်မှုတွေကို အချိန်တိုင်းလက်ခံနေဖို့ မလိုအပ်ပါဘူး။

(၄) မဖြစ်သေးတဲ့အရာတွေအပေါ်ကြောက်တဲ့စိတ်
သေချာရေရာစွာ မသိနိုင်တဲ့အရာတွေအပေါ် ကြောက်တဲ့စိတ်ဟာ များသောအားဖြင့် စိုးရိမ်စိတ်လွန်ကဲသူတွေမှာ အဖြစ်များပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် ဖြစ်မလာသေးတဲ့အနာဂတ်ကို ကြိုတင်တွေးတောပြီး စိုးရိမ်ပူပင်နေခြင်းဖြစ်ပါတယ်။ မဖြစ်သေးတဲ့အရာတစ်ခု ကိုယ်တိုင်လည်း တိတိကျကျမသိရသေးတဲ့ အခြေအနေတစ်ခုကို ကိုယ်အနေနဲ့ ကြိုတွေးပြီး ကြောက်နေတာဟာ သင့်ကို ပိုပြီးအားနည်းသွားစေနိုင်ပါတယ်။ တစ်ချို့ကိစ္စတွေဟာ ကိုယ်တကယ်ရင်ဆိုင်လိုက်တဲ့အခါ တွေးထားသလောက် မဆိုးတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ အရာရာကို သတိရှိတာကောင်းပေမယ့် မဖြစ်သေးတဲ့အရာတွေကို ကြိုတင်ပြီးကြောက်နေခြင်းကတော့ မကောင်းပါဘူး။

Lifestyle_Myanmar
ref-lifehack