တောက်လျှောက်ဆိုသလို အိပ်ရေးပျက်တာ များလာရင် ကျန်းမာရေးချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာမှာ အမှန်ပါပဲ။ ဒီတော့ အိပ်စက်မှုပေါ် ကောင်းတဲ့ သက်ရောက်မှုရှိမယ့် နည်းနဲ့ အားကစားလုပ်ရင်း ကျန်းမာရေးကို ထိန်းသိမ်းသင့်ပါတယ်။ လေ့လာမှုတွေအရ အားကစားလုပ်ခြင်းဟာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်အောင် အကူအညီပေးတယ်လို့ ဆိုပါတယ်။
အေရိုးဗစ်လို တစ်ကိုယ်လုံး လှုပ်ခါပြီး သိပ်မပြင်းမထန် ကိုယ်လက်လှုပ်ရှားလိုက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တဲ့ ပမာဏကို ပိုတိုးပေးနိုင်ပါတယ်။ အိပ်ရေးဝရင် ခန္ဓာကိုယ်ဟာ အသစ်ပြန်တည်ဆောက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးရမှာ ဖြစ်ပါတယ်။ အားကစားဟာ စိတ်ခံစားချက်ကိုလည်း ထိန်းညှိပေးနိုင်ပြီး အားကစားလုပ်နေစဉ် ချွေးထွက်တာကြောင့် ကိုယ်အပူချိန် တက်လာခြင်းကလည်း အိပ်တဲ့အချိန်မှာ အထောက်အပံ့ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

အားကစားလုပ်ရင် အိပ်လို့ကောင်းတယ်လို့ အကြမ်းဖျဉ်းပြောကြပေမယ့် ဘယ်အချိန်အားကစားလုပ်တာက အိပ်စက်မှုအရည်အသွေးအတွက် အကောင်းဆုံး အချိန်လဲဆိုတဲ့ မေးခွန်းက ရှိပါတယ်။ မနက်စောစောစီးစီး အားကစားလုပ်တာဟာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့ အတွက် လုံလောက်တဲ့ ကိုယ်အပူချိန် မထားနိုင်ဘူးလို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အိပ်ခါနီး ကပ်ပြီး အားကစားလုပ်ခြင်းကလည်း ထွက်လာတဲ့ Adrenaline က အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒီတော့ ညဘက် တုံးခနဲအိပ်လို့ကောင်းဖို့ အထိရောက်ဆုံး အားကစားလုပ်ချိန်က ညနေပိုင်းလောက် ဖြစ်ပါတယ်။ ညနေပိုင်းမှာ အားကစားလုပ်ခြင်းက ညဘက်အိပ်စက်မှုအတွက် လိုအပ်တဲ့ ကိုယ်အပူချိန်ကို လုံလုံလောက်လောက် အတက်အကျဖြစ်ဖို့ အချိန်ရပါတယ်။

ညနေဘက် အတော်နောက်ကျပြီးမှ အားကစားလုပ်ရင်လည်း ကိုယ်အပူချိန် ရုတ်တရပ်မကျနိုင်လို့ ချက်ချင်း အိပ်ပျော်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်လို့ကောင်းချင်ရင် ညနေ ၄ နာရီ နဲ့ ၅ နာရီအကြား အားကစားလုပ်ဖို့ အကြံပြုချင်ပါတယ်။
Lifestyle_Myanmar
ref-livehealthily