ဝန်ထမ်းအများစုက ညနေခင်း ရုံးဆင်းပြီးဆိုတာနဲ့ လုပ်လက်စအလုပ်တွေအားလုံး လက်စသတ်ပြီး အိမ်ပြန်ဖို့ကိုပဲ စိတ်ရောက်နေတတ်ကြပါတယ်။ တကယ်တော့ အလုပ်ခွင်မှာ ထူးချွန်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အလုပ်မဆင်းခင် (၁၅) မိနစ်အတွင်း လုပ်ဆောင်ရမယ့်အချက်တွေ ရှိကိုရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
(၁) နောက်နေ့အတွက်ကြိုတင်စီစဉ်ပါ
နောက်တစ်နေ့မှာ အရေးတကြီး လုပ်ဆောင်ရမယ့်အရာတွေ ဘာတွေရှိလဲ။ ဘယ်သူနဲ့ တွေ့ဖို့ချိန်းထားလဲ။ အစည်းအဝေးက ဘယ်ချိန်စမှာလဲ စသည့်ဖြင့် နောက်နေ့အတွက် အရေးကြီးတဲ့အရာတွေကို ရုံးမဆင်းခင်အချိန်လေးမှာ ပြန်လည်စစ်ဆေးပါ။ မေ့တက်တဲ့သူဆိုရင် စာအုပ်လေးနဲ့ ရေးမှတ်ထားသင့်ပါတယ်။ အိမ်ပြန်ရောက်ရင် ဘယ်သူပဲဖြစ်ဖြစ်အလုပ်အကြောင်းတွေ သိပ်ပြီးတွေးချင်တာ မဟုတ်တဲ့အတွက် အလုပ်မှာရှိတဲ့အချိန်အတွင်းမှာတင် အလုပ်နဲ့ပတ်သက်တဲ့ အရာတွေကို ကြိုတင်စီစဉ်သွားတာကောင်းပါတယ်။

(၂) ဒီနေ့ဘာတွေလုပ်ဆောင်ခဲ့လဲပြန်တွေးပါ
မနက် (၉) နာရီကနေ ညနေ (၅)အထိ တစ်နေ့တာ အလုပ်ချိန် (၈) နာရီအတွင်းမှာ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာ ပြန်တွေးပါ။ ဒီလိုလုပ်ဆောင်ခြင်းက ကိုယ့်ရဲ့ လိုအပ်ချက်တွေ အားသာချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်သာမှုရှိစေတာကြောင့် အလုပ်နဲ့ ပတ်သတ်ပြီး ကိုယ်ဘာတွေလုပ်ဆောင်ဖို့လိုသေးလဲ ဘယ်လို Skill တွေ လိုနေသေးလဲဆိုတာကို သိလာစေမှာဖြစ်ပါတယ်။

(၃) အလုပ်စားပွဲကိုရှင်းလင်းပါ
ဝန်ထမ်းတော်တော်များများက မနက်ခင်းရုံးရောက်မှ အလုပ်စားပွဲကို ရှင်းလင်းကြတာများပါတယ်။ တကယ်တော့ ရုံးမဆင်းခင်အချိန်ကတည်းက မိမိရဲ့ အလုပ်စားပွဲလေးကိုရှင်းသွားမယ်ဆိုရင် နောက်နေ့ရုံးရောက်တဲ့အခါ သန့်ရှင်းသပ်ရပ်နေတဲ့ ကိုယ့်ရဲ့စားပွဲလေးကြောင့် စိတ်ကြည်နူးမှုရစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက တော်ရုံအရေးကြီး စာရွက်စာတမ်းတွေပျောက်ရှတာ ပစ္စည်းတွေပျောက်တာလည်း မဖြစ်တော့ပါဘူး။

(၄) လုပ်ဖောက်ကိုင်ဖက်တွေကို နှုတ်ဆက်ပါ
ရုံးဆင်းခါနီးလုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်တာဟာ တကယ့်ကိုချစ်စရာကောင်းတဲ့ အပြုအမူလေးတစ်ခုဖြစ်ပါတယ်။ နှုတ်ဆက်ခံရသူရဲ့ ရင်ထဲမှာလည်း သူ့ကိုအလေးထားကြောင်း ပေါ်လွင်စေမှာဖြစ်ပါတယ်။ အိမ်ပြန်ခါနီး နှုတ်ဆက်ခြင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ညနေရုံးဆင်းခါနီးအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ဖို့မမေ့ပါနဲ့။

Lifestyle_Myanmar
ref-lifehack