အခုနောက်ပိုင်း လူငယ်တွေတော်တော်များများ ညဉ့်နက်တဲ့အထိ ဖုန်းသုံးတဲ့ အလေ့အကျင့်ဆိုးကြီးကို မကျော်လွှားနိုင်ကြပါဘူး။ ဆော့ပြီးရင်းဆော့ချင်တဲ့ အွန်လိုင်းဂိမ်းတွေ ၊ ပွတ်လို့ မဝတဲ့ ဆိုရှယ်မီဒီယာတွေနဲ့ Screem Time တွေ အရမ်းများနေကြတာဖြစ်ပါတယ်။ ဒီလိုညဉ့်နက်ချိန်အထိ ဖုန်းတွေသုံးတဲ့အခါ သင့်ရဲ့ အိပ်စက်ခြင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ ကြောက်စရာကောင်းတဲ့ အကျိုးရလဒ်တွေပါ ခံစားလာရမှာဖြစ်ပါတယ်။
ဘယ်လိုမျိုးကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရင်း သင့်ပတ်ဝန်းကျင်က ညဉ့်နက်တဲ့အထိ ဖုန်းသုံးတတ်တဲ့သူတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။
(၁) မှတ်ဉာဏ်စွမ်းရည်တွေ ပျက်စီးလာမယ်
ညဉ့်နက်ချိန်ထိ ဖုန်းသုံးတဲ့အတွက် လုံလောက်တဲ့အိပ်စက်ချိန်ဆိုတာ မရှိတော့ပါဘူး။ ဒီလိုမျိုးညစဉ်ညတိုင်း အိပ်ရေးတွေဆက်တိုက် ပျက်နေမယ်ဆိုရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာပြီး တွေးခေါ်နိုင်စွမ်းတွေ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို ထိခိုက်စေကာ မှတ်ဉာဏ်စွမ်းရည်တွေပါ တဖြေးဖြေးပျက်စီးလာမှာဖြစ်ပါတယ်။

(၂) စိတ်ကျရောဂါဝင်လာမယ်
ပုံမှန်တစ်ရက်တာ အိပ်ရေးမဝရင်တောင် စိတ်ကြည်လင်လန်းဆန်းမှုမရှိဘဲ နေရတာအဆင်မပြေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အခုလို ဖုန်းတွေနဲ့ပဲ ညဉ့်နက်သန်းခေါင်ယံအထိ အချိန်တွေကုန်နေမယ်ဆိုရင် သင်နိုးထလာတဲ့မနက်ခင်းဟာ ဘယ်တော့မှ စိတ်ကြည်လင်လန်းဆန်းမှုရှိမှာမဟုတ်ပါဘူး။ အရာရာကို စိတ်အလိုမကျဖြစ်လာမယ် စိတ်တိုလွယ်မယ် နောက်ဆုံးမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲ စိတ်ကျရောဂါဝင်လာတဲ့အထိဖြစ်သွားနိုင်ပါတယ်။

(၃) ကိုယ်အလေးအချိန်တက်လာမယ်
ညဉ့်နက်ချိန်အထိ မအိပ်သေးတဲ့သူတွေဟာ သန်းခေါင်ယံဗိုက်ဆာတဲ့ဒဏ်ကို ဘယ်သူမှမခံနိုင်ပါဘူး။ သရေစာမုန့်တစ်ခုခုဖြစ်ဖြစ် ထမင်းဖြစ်ဖြစ်စားလိုက်မှ အာသာပြေသွားတတ်ကြတာဖြစ်ပါတယ်။သ န်းခေါင်ယံအစားစားခြင်းဟာ ကိုယ်အလေးချိန်အများကြီးတက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ နောက်ပြီး အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က အစားစားချင်တဲ့ ဟော်မုန်းဓာတ်တစ်မျိုး ပိုထွက်လာတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

(၄) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမယ်
ညဉ့်နက်ချိန်ထိ အိပ်ရေးပျက်ခံကာ ဖုန်းသုံးကြတဲ့သူတွေဟာ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်နေတတ်ကြပါတယ်။ အကြောင်းက အိပ်ရေးပျက်ခြင်းကြောင့် မဲညစ်ခြင်း ၊ အရေးအကြောင်းနဲ့ အမဲစက်တွေဖြစ်ပေါ်ခြင်း ၊ ဝက်ခြံအများအပြားထွက်ခြင်း စတဲ့အလှအပဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အသားအရေးပျက်စီးကာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-verywellhealth