ညစဉ်ညတိုင်း အိပ်ရေးပျက်ခြင်းက မနက်အိပ်ယာနိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရစေပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝ မအိပ်စက်ရခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့အရာတွေကို ဘယ်လိုတိုက်ထုတ်သင့်လဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။
အပူချိန်မြင့်လွန်းခြင်း၊ အပူချိန်အေးလွန်းခြင်း
နွေရာသီရဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုက ကောင်းစွာ အိပ်စက်အနားယူလို့မရအောင် နှောင့်ယှက်နေပါတယ်။ အဲကွန်းဖွင့်အိပ်ပြန်တော့လည်း အရမ်းကြီးအေးမနေအောင် အနေတော်အပူချိန်ဖွင့်ထားဖို့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။

အိပ်ချိန်နဲ့ နီးကပ်စွာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
အလုပ်နောက်ကျတဲ့နေ့တွေမှာ Gym ဆော့ဖို့နောက်ကျနေပေမယ့် ဆော့ရမယ့်ရက် မပျက်ချင်တာနဲ့ အားတင်းပြီး လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ အားကစားဝါသနာရှင်လေးတွေ စာဖတ်သူတွေထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ညကျမှ အားကစားလုပ်မယ်ဆိုရင်လည်း အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီအလိုမှာ လေ့ကျင့်ခန်းအားလုံး ပြုလုပ်လို့ ပြီးနေရပါမယ်။ နို့မဟုတ်ရင် လူက တက်ကြွနေပြီး အိပ်လို့ရမှာမဟုတ်ပါဘူး။

နေ့ခင်းနေ့လည် တစ်ရေးတမောအိပ်ခြင်း
ပိတ်ရက်ပဲဖြစ်ဖြစ်၊ ကြားရက်ပဲဖြစ်ဖြစ် အိပ်ယာဝင်ချိန် ပုံမှန်ဖြစ်နေရပါမယ်။ ပိတ်ရက်မှာ နေ့ခင်းဘက်အိပ်ထားလို့ ညဘက် အိပ်လို့မရတဲ့အခါ သင့်ရဲ့ အိပ်ယာဝင်ချိန်တွေ ကမောက်ကမဖြစ်နေပါလိမ့်မယ်။
မီးအလင်းရောင်ကြောင့် အိပ်ရေးပျက်ခြင်း
စူးရှနေတဲ့မီးအလင်းရောင် မဆိုထားနဲ့ မှိန်ဖျော့နေတဲ့မီးအလင်းရောင်ကလည်း ကောင်းစွာအိပ်စက်အနားယူလို့ မရအောင်၊ ခဏခဏလန့်နိုးအောင် ပြုလုပ်တာကြောင့် ညအိပ်တဲ့အခါ ရှိသမျှ အခန်းမီးအကုန်လုံးပိတ်ထားခြင်း (သို့) မျက်လုံးအုပ်ထားခြင်းတို့ ပြုလုပ်ပေးလိုက်ပါ။

မိမိအိပ်ယာကို ရည်ရွယ်ချက် မှားယွင်းစွာ အသုံးပြုခြင်း
သင့် အိပ်ယာကို အိပ်စက်ခြင်းအတွက်သာ အသုံးပြုသင့်ပါတယ်။ မပြီးစီးနိုင်သော အလုပ်များကို အိပ်ယာပေါ်သို့ သယ်ဆောင်လာခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး။
ဆူညံလွန်းခြင်း
ညဘက်မှာ ကားလမ်းမပေါ်က ဆူညံတဲ့အသံ၊ အိမ်နီးနားချင်းတွေရဲ့ ကျယ်လောင်တဲ့အသံတွေကြောင့် အိပ်ရေးပျက်တတ်ပါတယ်။ ဒါဆိုရင် နားပိတ်ထားလို့ရတဲ့ အဆို့ရှင်တပ်ပြီး အိပ်စက်ခြင်း၊ သာသာညိမ့်ညောင်းတဲ့ တေးသီချင်းနားထောင်ခြင်းတို့ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ပြုလုပ်ပေးလိုက်ပါ။

ကာဖိန်းဓာတ် အလွန်အကျွံမှီဝဲခြင်း
ကာဖိန်းဓာတ်က လူကို နိုးကြားအောင် ပြုလုပ်ပြီး အိပ်မပျော်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စတဲ့ ကာဖိန်းဓာတ်ပါတဲ့ အစားအစာတွေကို မွန်းလွဲ ၂ နာရီမတိုင်ခင် သောက်သုံး စားသောက်ပေးလိုက်ပါ။
မြန်မြန်အိပ်မောကျအောင် ကူညီပေးဖို့အတွက်
စာဖတ်ပါ။ အိပ်ယာဝင်ပေမယ့် မိနစ် ၂၀ ကြာတဲ့အထိ အိပ်လို့မရသေးဘူးဆိုရင် စာအုပ်တစ်အုပ်အုပ် ကောက်ဖတ်လိုက်ပါ။ Tablet တို့ ဖုန်းတို့နဲ့ မဖတ်ဘဲ ရိုးရိုးစာအုပ်နဲ့ပဲ ဖတ်ပေးပါ။ ဖုန်းနဲ့ Tablet ရဲ့ မီးရောင်က သင့်ရဲ့ အိပ်ချင်စိတ်ကို တားဆီးနေမှာမို့လို့ပါ။

Lifestyle_Myanmar
ref-brightside