ယနေ့ခေတ်မှာ အောင်မြင်နေတဲ့သူတွေရဲ့အဓိက သော့ချက်ကတော့ ဆင်ခြေဆင်လက် မပေးဘဲ မဖြစ်ဖြစ်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။ ကျွန်မအပါအဝင်၊ စာဖတ်သူတို့တွေလည်း ဒီအလုပ်မပြီးတာ ဘာ့ကြောင့်၊ ရုံးနောက်ကျရတာ ဘယ်သူ့ကြောင့်၊ အခုလိုဖြစ်သွားရတာ ဘာ့ကြောင့် စတဲ့ ဆင်ခြေမျိုးစုံ၊ ဖြေရှင်းချက်မျိုးစုံ ပေးတတ်ကြပါတယ်။ ဘာ့ကြောင့် ဒီလိုဆင်ခြေပေးနေမိတာလဲ။ ဆင်ခြေဆင်လက် မပေးမိဘဲ အောင်မြင်အောင် ဘယ်လိုကြိုးစားရမလဲ။
ဆင်ခြေမျိုးစုံပေးနေမိတာ အကြောက်တရားကြောင့်ပါ။
ကိုယ်သက်သောင့်သက်သာဖြစ်တဲ့ဇုန်မှာပဲ နေရတာပျော်တယ်ဆိုရင်တော့ ဒီတစ်သက် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အရာတစ်ခုကို ပြုလုပ်ရမယ်ဆိုရင် သက်သောင့်သက်သာမနေရတော့ဘဲ ကြိုးစားရုန်းကန်နေရတာကို ကြောက်ရွံ့ခြင်း၊ ကိုယ် လုပ်လိုက်လို့ မှားသွားမှာကို ကြောက်ရွံ့ခြင်း စတဲ့အကြောက်တရားတွေ ကိန်းအောင်းနေခြင်းက ဆင်ခြေမျိုးစုံပေးတတ်အောင် ပြုလုပ်နေတာပါ။ ထိုအကြောက်တရားကို တွန်းလှန်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။

ကျရှုံးခြင်း
အမြင့်သို့တက်လှမ်းနေတဲ့သူအဖို့ ပြုတ်ကျမှာကို ကြောက်နေလို့မရပါဘူး။ ကျရှုံးသွားတယ်ဆိုတာ ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်အသုံးပြုနေတဲ့နည်းလမ်း၊ သွားနေတဲ့လမ်းကြောင်းက မှားယွင်းနေလို့ပဲဖြစ်ပါတယ်။ ကိုယ့်မှာရှိပြီးသားအရာတွေ ဘာတစ်ခုမှ ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ ဒါ့ကြောင့် မှားသွားမှာစိုးလို့၊ ကျရှုံးသွားမှာစိုးလို့ စတဲ့ဆင်ခြေတွေကို ဖျောက်ပစ်လိုက်ပါ။

တိကျသေချာတဲ့ရည်မှန်းချက် မရှိခြင်း
တိကျသေချာတဲ့ရည်မှန်းချက် မရှိခြင်းက ပျင်းရိခြင်းရဲ့အစပဲဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြောပြရမယ်ဆိုရင် “ငါ ဒီနှစ်အတွင်းမှာ ဝိတ်လျော့မယ်” နဲ့ “ငါ နှစ်လအတွင်း ၁၀ ပေါင် ကျသွားအောင် ဝိတ်လျော့မယ်” ဆိုတဲ့စာကြောင်း နှစ်ကြောင်းမှာဆိုရင် နောက်ဆုံးစာကြောင်းက တိကျသေချာတဲ့ ပန်းတိုင်တစ်ခုရှိနေတာကို တွေ့ရမှာပါ။ ဝေဝါးနေတဲ့ပန်းတိုင်က သင့်အတွက် အထောက်အကူတစ်ခုမှဖြစ်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့တွေ ပြုလုပ်မိတဲ့ ဆင်ခြေဆင်လက်က တစ်နေ့တစ်မျိုးမရိုးရအောင်ပါပဲ။ တစ်ချို့ရက်တွေမှာ အချိန်မရှိလို့၊ ပိုက်ဆံမရှိလို့၊ ဘယ်လိုလုပ်ရမှန်းမသိလို့၊ ငါက အမြဲတမ်းကံဆိုးနေတဲ့သူမို့လို့၊ ဟော… နောက်ရက်တွေကျပြန်တော့ ငါ့ ပညာရေး အဆင့်အတန်းက သူ့လောက်မှ မကောင်းတာ၊ သူကတော့ ဘွဲ့တွေ ဘယ်နှခုလောက်ရထားတာကိုး၊ အောင်မြင်မှာပေါ့ စတဲ့ ဆင်ခြေမျိုးစုံကို စာဖတ်သူတို့လည်း ကြားရတာရော၊ ပြောရတာပါ မောနေလောက်ပြီပေါ့နော်။ ဒါ့ကြောင့် ဒီနေ့ကစပြီး ဆင်ခြေဆင်လက်မျိုးစုံမပေးမိအောင် နေထိုင်ရင်း အောင်မြင်မှုပန်းတိုင်ကို ချီတက်ကြလိုက်စို့လား။
Lifestyle_Myanmar
ref-medium.com