ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ယနေ့ခေတ်မှာ စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်နဲ့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်ဖြစ်စေဖို့က အရမ်းကို အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့လိုသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ကြံ့ခိုင်မှုရှိမှသာ အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိတ်ဖိစီးမှုတွေ မရှိတဲ့ Depression ကင်းတဲ့နေ့သစ်များဆီ အရောက်သွားနိုင်မယ့် အလေ့ကျင့်ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Social Media တွေက ရုန်းထွက်ပါ
ယနေ့အင်တာနက်ခေတ်မှာ လူအများစုဟာ Social Media ပေါ်မှာပဲ အချိန်ကုန်လေ့ရှိကြပါတယ်။ ဒါဟာပြုပြင်ပြောင်းလဲသင့်တဲ့ အကျင့်တစ်ခုပါ။ လက်တွေ့ဘဝမှာရှိတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခြင်းကသာ စိတ်ပိုင်းဆိုင်ရာလုံခြုံနွေးထွေးမှုကို ဖြစ်ပေါ်စေမယ့် အဓိကသော့ချက်တစ်ခုပါ။

(၂) သဘာဝရဲ့ အလှတရားကို ခံစားပါ
နေ့စဉ်သွားလာနေထိုင်မှု ပုံစံမမှန်ကန်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ နေရာဒေသလေးတွေကို သွားရောက်လည်ပတ်ခြင်းက အကောင်းဆုံးစိတ်အပန်းပြေစေမယ့် နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဝေးဝေးလံလံ ခရီးမသွားနိုင်ရင်တောင် နေ့စဉ်စိမ်းစိမ်းစိုစိုရှိတဲ့ပန်းခြံလေးတစ်ခုမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

(၃) တရားထိုင်ပါ
အဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ဆိုတာ စိတ်နှလုံးအစဉ်အေးချမ်းနေဖို့က အဓိကလိုအပ်ပါတယ်။ တရားထိုင်ခြင်းက ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲစေရုံသာမ စိတ်ပိုင်းဆိုင်ရာမှာလည်း ကောင်းကျိုးတွေများစွာ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကို အသိနဲ့သတိမြဲစေပြီး အကြံဉာဏ်ကောင်းလေးတွေ ရရှိပိုင်ဆိုင်စေမှာဖြစ်တာကြောင့် နေ့စဉ် နာရီဝက်လောက်အချိန်ပေးပြီး တရားထိုင်သင့်ပါတယ်။

(၄) ဝါသနာတစ်ခုထားရှိပါ
ကိုယ်ဝါသနာပါရာလေးလုပ်ရင်း အချိန်ကုန်ဆုံးရတာဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ ဥပမာ-စက်ဘီးစီးခြင်း၊ ပန်းချီဆွဲခြင်းစတဲ့ ကိုယ်ရောစိတ်ပါလန်းဆန်းစေမယ့် အရာလေးတွေကို ဖန်တီးလုပ်ဆောင်သင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်နဲ့ဝါသနာတူမယ့် အပေါင်းသင်းတွေနဲ့ အားလပ်ချိန်လေးတွေကုန်ဆုံးခြင်းက သင့်ကိုစိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွှင်စေမှာဖြစ်ပါတယ်။

(၅) အားကစားလုပ်ပါ
ယနေ့ခေတ်လူတော်တော်များများ အားကစားလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကောင်းစွာနားလည်လာကြသလို လိုက်နာကျင့်သုံးလာတဲ့သူတွေလည်း အမျာကြီးရှိပါတယ်။ အားကစားလုပ်ခြင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်လှပစေရုံ သက်သက်မဟုတ်ပါဘူး။ စိတ်ပင်ပန်းနွမ်းလျမှုတွေကို ပြေပျောက်စေတဲ့အပြင် ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ အားကစားပုံမှန်လုပ်သူတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝခံစားရမှာပဲ ဖြစ်ပါတယ်။

Lifestyle_Myanmar
ref-healthline