ဦးရေပြားက လုံလောက်တဲ့ ရေဓာတ်မရရှိတဲ့အခါ ဗောက်ထတဲ့ပြဿနာကို ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ခေါင်းပေါ်က ဗောက်တွေက လူအများကြား သွားလာတဲ့အခါ ကိုယ့်ကို အမျိုးမျိုး အရှက်ခွဲနေတဲ့ တရားခံတွေပါပဲ။ ဒါ့အပြင် အင်္ကျီအမည်းတွေ မဝတ်မိအောင် သတိထားရပါသေးတယ်။ ဒီလို စိတ်ဒုက္ခပေးတတ်တဲ့ ဗောက်တွေကို မိမိခေါင်းပေါ်က ဘယ်လိုဖယ်ရှားကြမလဲ။
မုန့်ဖုတ်ဆိုဒါနဲ့ ဖယ်ရှားပါ
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း (၃) ဇွန်းနဲ့ သမအောင်မွှေပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ဦးရေပြားကို နှိပ်နယ်ပေးပြီးနောက် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးမှ ဗောက်ပျောက်ခေါင်းလျှောက်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

အုန်းဆီ
အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပုဝါ ခပ်နွေးနွေးတစ်ထည်၊ ဘီးကြဲ တစ်ချောင်းတို့လိုအပ်ပါမယ်။ ခေါင်းလျှော်ရည်အသုံးပြုပြီး အရင်ဆုံးခေါင်းလျှော်လိုက်ပါ။ (Conditioner မသုံးပါနဲ့) ဆံပင်စိုနေတဲ့အချိန်မှာပဲ ဘီးကြဲနဲ့ ခေါင်းဖြီးပြီးနောက် ဆံပင်နဲ့ ဦးရေပြားအနှံ့ အုန်းဆီလိမ်းပေးလိုက်ပါ။ ထို့နောက် ပုဝါ ခပ်နွေးနွေးနဲ့ ဆံပင်တွေကို ပတ်ထားလိုက်ပါ။ မိနစ် ၃၀ ကြာမှာ အုန်းဆီတွေ မကျန်တော့အောင် ခေါင်းလျှော်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ဆံကေသာနဲ့ အသားအရေအတွက် အင်မတန်အသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ အရေပြားယားယံတဲ့အခါမှာလည်း ထိုနေရာတစ်ဝိုက်ကို ရှားစောင်းလက်ပတ် လိမ်းပေးလိုက်မယ်ဆိုရင် အယားသက်သာပါတယ်။ ဗောက်ပျောက်ချင်တယ်ဆိုရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်သို့ ရှားစောင်းလက်ပတ်ဂျယ် လိမ်းကျံပေးလိုက်ပါ။ ထို့နောက် ဦးရေပြားကို မိနစ်အနည်းငယ်ကြာနှိပ်နယ်ပြီးနောက် မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် သုံးကြိမ်ခန့် အနည်းဆုံးပြုလုပ်ပေးရပါမယ်။ ဒါမှ ဗောက်မြန်မြန်ပျောက်မှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-healthline