စာမေးပွဲမှာ အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်ဖို့ကလည်း ကျောင်းသားတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့ စာမေးပွဲ ဖြေဆိုမယ့်သူတွေအနေနဲ့ စာမေးပွဲကိုကောင်းစွာဖြေဆိုအောင်မြင်နိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ ဘယ်အချက်တွေ ရှောင်ကျဉ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) အရေးကြီးတဲ့ စာတွေဦးစားပေးကျက်ပါ
စာမေးပွဲရက်နီးမှ စာတွေအားလုံး စုပြုံကျက်မယ်ဆိုရင် အရင်ကကိုယ် ကျက်ထားတဲ့စာတွေပါ မေ့သွားနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတယ်ဆိုတဲ့ စာတွေကိုပဲ ဦးစားပေးကျက်ပါ။ အရေးကြီးတဲ့စာတွေ အကုန်ကျက်ပြီးပြီဆိုမှ အချိန်ရရင်ရသလို တခြားစာတွေဖတ်ပါ။ စာကျက်တဲ့အခါမှာလည်း အဓိက Main Point ကိုရှာပြီးကျက်ပါ။ တစ်ချို့စာတွေက ကျက်ထားတဲ့အတိုင်း ၏သည်မလွဲ ဖြေစရာမလိုပါဘူး။ အဓိကအချက်တွေပါဝင်အောင်ရေးပြီး ကိုယ်နားလည်သဘောပေါက်သလို ဝါကျအထားအသိုမှန်မှန်နဲ့ ပြန်ရေးရင် အမှတ်ရနိုင်ပါတယ်။

(၂) စာအုပ်မှာချရေးပါ
အများစုက စာကျက်တဲ့အခါ စာအုပ်မှာချရေးရမှာကို တော်တော်လေးပျင်းကြပါတယ်။ စာအုပ်မှာချရေးခြင်းက ကျက်ထားတဲ့စာတွေကို တော်တော်လေးမှတ်မိစေပါတယ်။ စာမေးပွဲအခန်းထဲရောက်တဲ့အခါမှာလည်း ကိုယ်အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး ရေးကျက်ထားတဲ့အတွက် စာလုံးပေါင်း သက်ပုံမှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
(၃) ဖုန်းသုံးချိန်ကိုသတ်မှတ်ပါ
စာမေးပွဲနီးပြီဖြစ်တဲ့အတွက် အရင်လိုအားတာနဲ့ ဖုန်းသုံးနေလို့တော့ မရတော့ပါဘူး။ ဒါပေမဲ့လည်း အများစုက စာတစ်ပုဒ်ကျက်လိုက် ဖုန်းလေးခဏသုံးလိုက် စာပြန်ကျက်လိုက် ဖုန်းပွတ်လိုက်နဲ့ ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပါပဲ ဖုန်းသုံးတဲ့အချိန်က စာကျက်ချိန်ထက် ပိုများသွားတတ်ပါတယ်။ ဒါကြောင့် ဖုန်းသုံးချိန်ကို သီးသီးသန့်သန့်လေး သတ်မှတ်လိုက်ပါ။ ဖုန်းလုံးဝမသုံးနဲ့လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ဖုန်းသုံးချိန်ကိုတော့ တတ်နိုင်သလောက်လျော့ချလိုက်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ ဖုန်းသုံးချိန်ကလွဲပြီး ဖုန်းကိုကိုယ်နဲ့ခပ်ဝေးဝေးမှာ ထားလိုက်ပါ။

(၄) အသံသွင်းထားပါ
ဆရာမစာရှင်းပြတာပဲဖြစ်ဖြစ် ကိုယ်တိုင်ကျက်နေတဲ့စာတွေကိုပဲ ဖြစ်ဖြစ်အသံသွင်းထားပါ။ အသံသွင်းထားတဲ့အခါ အလွယ်တကူပဲပြန်လည်နားထောင်နိုင်သလို ပိုလည်းမှတ်မိစေပါတယ်။ စာရွက်ကိုကြည့်ပြီး အသံကုန်အော်ကျက်နေတာထက်စာရင် စာရွက်ကိုကြည့်ပြီး အသံသွင်းထားတဲ့ အသံဖိုင်ကို သေချာအာရုံစူးစိုက်စွာ နားထောင်ခြင်းကပိုပြီး စာထဲကိုအာရုံစိုက်နိုင်သလို လွယ်လွယ်ကူကူလည်း မှတ်မိစေပါတယ်။
(၅) စာကျက်တဲ့နေရာကိုရှင်းလင်းပါ
ကိုယ်ရဲ့စာကြည့်စားပွဲလေးက ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်ရှိမှသာ စိတ်ထဲမှာလည်း ရှင်းလင်းပြီးစာကျက်လို့ ပိုကောင်းစေတာဖြစ်ပါတယ်။ လေဝင်လေထွက် ကောင်းမွန်တဲ့ ပြတင်းပေါက်လိုနေရာ နေရောင်ခြည်အလင်းရတဲ့ နေရာတွေက သင့်ရဲ့ စာကျက်ချင်စိတ်ကိုပိုပြီး လှုံဆော်ပေးပါတယ်။ ဒါကြောင့် စာမေးပွဲနီးပြီဆိုပြီရှိသမျှ စာတွေကိုအကုန်စားပွဲပေါ်တင် ရှုပ်ပွပြီးမထားပါနဲ့။

(၆) ကောင်းကောင်းအနားယူပါ
ကောင်းကောင်းအနားယူဆိုတာနဲ့ စာတစ်ပုဒ်ကျက်လိုက် ၃နာရီလောက်အိပ်လိုက်တော့မလုပ်ပါနဲ့။ အဓိကအိပ်စက်ရမှာက ညဘက်ပါ။ အများစုကညဉ့်နက်တဲ့အထိ စာကျက်လေ့ရှိကြပါတယ်။ တကယ်တော့ ညဘက်တွေမှာ စောစောအိပ်ပြီး မနက်စောစောစာထကျက်သင့်တာပါ။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အဟာရပြည့်ဝစေမယ့်အစားအစာလေးတွေစားပေးပါ။ ၁နာရီလောက်စာကျက်ပြီးတာနဲ့ ၅ မိနစ်လောက် အညောင်းအညာပြေ အိမ်ရှေ့နဲ့နောက်ဖေး လမ်းလျောက်ပေးပါ။ စိတ်တက်ကြွစေမယ့် သီချင်းနားမြူးမြူးလေးတွေလည်းနားထောင်ပေးပါ။
Lifestyle_Myanmar
ref-shorelight