ခြေချိတ်ပြီးထိုင်ခြင်းကို လူအများစုက စတိုင်လ်ကျတဲ့ ထိုင်ပုံထိုင်နည်းတစ်မျိုးအဖြစ် မှတ်ယူထားကြတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီလိုထိုင်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေတယ်လို့ ထောက်ပြထားပါတယ်။ ဒီနေ့ဆောင်းပါးမှာ ခြေချိတ်ပြီး ထိုင်ခြင်းရဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြပေးသွားမှာပါ။
သွေးဖိအား
လေ့လာမှုတွေအရ အချိန်အကြာကြီး ခြေချိတ်ပြီး ထိုင်နေခြင်းဟာ အာရုံကြောတွေအပေါ် ဖိအားပိုစေတာကြောင့် သွေးဖိအားတိုးလာစေတယ်လို့ ဖော်ပြထားပါတယ်။ သွေးဖိအားပြဿနာမရှိရင်တောင် ကျွမ်းကျင်သူတွေကတော့ ခြေချိတ်ပြီး အကြာကြီးမထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လေဖြတ်ခြင်း
ဒူးတစ်လုံးပေါ်ကို နောက်ထပ်ဒူးနဲ့ဖိထားပြီး နာရီအတော်ကြာ ထိုင်တဲ့အခါ သွက်ချာပါဒလိုက်တယ်လို့ ခေါ်ကြတဲ့ လေဖြတ်မှုပုံစံတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ခြေထောက်အောက်ပိုင်းကြွက်သားတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

သွေးလှည်ပတ်မှုအပေါ် သက်ရောက်မှုရှိစေတယ်
ခြေချိတ်ပြီးထိုင်ခြင်းဟာ သွေးလှည်ပတ်မှုအပေါ် အများကြီးသက်ရောက်မှုရှိစေပါတယ်။ ဘာလို့လဲဆိုတော့ ခြေထောက်တစ်ချောင်းအပေါ် နောက်ခြေထောက်တင်ပြီး ထိုင်ခြင်းက နှလုံးထဲကို သွေးတွေအများကြီး တွန်းပို့သလိုဖြစ်သွားစေပါတယ်။ ဒါက သွေးလှည်ပတ်မှုအပေါ် မကောင်းတဲ့သက်ရောက်မှုတွေရှိစေပါတယ်။

တင်ပဆုံရိုးစောင်းနိုင်
ခြေချိတ်လိုက်တဲ့အခါ ကိုယ်နေဟန်ထားကလည်း တစ်ဖက်ကို စောင်းသွားပါတယ်။ ပေါင်ကကြွက်သွားတွေကိုလည်း ဖိအားတွေသက်ရောက်သွားပါတယ်။ အဲ့ဒီအခါ တင်ပဆုံရိုးက တစ်ဖက်နဲ့တစ်ဖက် မညီနိုင်တော့ပါဘူး။

လည်ပင်းနာကျင်မှု
ခြေနှစ်ချောင်းချိတ်ပြီးထိုင်လိုက်ရာကနေ ခြေထောက်တွေနာတယ်၊ သွေးကြောတွေရောင်ရမ်းတယ်။ ဒါတင်မက လည်ပင်းနာကျင်မှု (၅) မျိုးကိုလည်း ခံစားရနိုင်ပါတယ်။ တစ်နေ့ကို (၃) နာရီထက်ပိုပြီး ခြေချိတ်ထိုင်မိရင် ခါးအောက်ပိုင်းနာကျင်မှု၊ လည်ပင်းနာကျင်မှုတို့ကို ခံစားလာရပါလိမ့်မယ်။ လက်ပြင်လည်း ကိုင်းသွားနိုင်တာကို သတိထားပါ။ တင်ပါးတွေမှာလည်း သက်တောင့်သက်တာ မရှိတော့ပါဘူး။
Lifestyle_Myanmar
ref-healthline