မိန်းကလေးတွေရဲ့ အိပ်မက်ကတော့ ဘယ်လောက်စားစား စားသလောက်မဝတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြသလိုပဲ ပုရိသတို့ရဲ့အိပ်မက်ကလည်း ပြီးပြည့်စုံကြည့်ကောင်းတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ချင်ကြတာပဲဖြစ်ပါတယ်။ ဒါဆိုရင် မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးတွေပဲဖြစ်ဖြစ် ပြီးပြည့်စုံပြီး ကြွက်သားများနဲ့ ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်၊ အထူးသဖြင့် ခြေသလုံးနဲ့၊ ပေါင်ကြွက်သားများက သေးသွယ်ပြီး ခြေသလုံး ပလွေရိုးမဖြစ်ဖို့အတွက် အသုံးတည့်မယ့်နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။
စက်ဘီးစီးခြင်း
တစ်နေ့ကို မိနစ် ၃၀ ခန့် စက်ဘီးစီးခြင်းက ခြေသလုံးကြွက်သားအတွက် အထူးကောင်းမွန်ပါတယ်။ အားကစားခန်းမသွားပြီး အသင်းဝင်ကြေးတွေ ဈေးကြီးပေးနေမယ့်အစား မိမိရဲ့စက်ဘီးလေးနဲ့ ရပ်ကွက်တစ်ပတ် စက်ဘီးစီးထွက်ခြင်းက အပိုဝင်ငွေထွက်မှာကိုလည်း ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားအတွက် တစ်ခါတည်းလေ့ကျင့်ပြီးသွားလည်း ဖြစ်ပါတယ်။

လှေကားအသုံးပြုပါ
ကိုယ့်ရဲ့အိမ် (သို့) ရုံးက အထပ်မြင့်မှာရှိတယ်ဆိုရင် ဓာတ်လှေကားအသုံးပြုမယ့်အစား ရိုးရိုးလှေကားနဲ့သာ အတက်အဆင်းပြုလုပ်လိုက်ပါ။ အနာခံမှ အသာစံရမယ်ဆိုတဲ့ စကားအတိုင်း လှေကားနဲ့တက်ရတာ မောတယ်၊ အသက်ထွက်သွားမယ်ဆိုပြီး ဆင်ခြေပေးလို့ကတော့ ခြေသလုံးပလွေရိုးဘဝက တက်မှာမဟုတ်ဘူးနော်။ ဒါ့ကြောင့် ကိုယ်လုပ်နိုင်သလောက်လေး လုပ်ကြည့်ပါ။ သင့် ခန္ဓာကိုယ်ကြွက်သားတွေ သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

Squat ထိုင်ခြင်း
Squat ထိုင်တဲ့ လေ့ကျင့်ခန်းလောက် ထိရောက်တဲ့လေ့ကျင့်ခန်း မရှိသေးပါဘူး။ အခုဆိုရင် လေ့ကျင့်ခန်း ကျူတိုရီယယ်အမျိုးမျိုးကို YouTube ကနေ အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်တာကြောင့် အားကစားသမားတွေ လေ့ကျင့်ခန်းပြုလုပ်ပုံ နည်းလမ်းမှန်ကို စည်းစနစ်တကျ ဘယ်လိုပြုလုပ်လဲဆိုတာ အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးရင် အိမ်မှာပဲ မိမိဘာသာပြုလုပ်ကြည့်ပါ။ Gym မှာ တကူးတက ပိုက်ဆံအကုန်မခံချင်သူများအတွက်တော့ အထောက်အကူဖြစ်စေပါတယ်။

လမ်းများများလျှောက်ပါ
လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုပြီး တကူးတက ပြုလုပ်နေစရာမလိုတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဖြည်းဖြည်းလေး လမ်းလျှောက်ခြင်းထက် အမြန်လမ်းလျှောက်ခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။
ဒီနေ့ကစပြီး ဒီနည်းလမ်း (၄) မျိုးကို မငြီးမငြူနဲ့ မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား ကျစ်လျစ်တောင့်တင်းပြီး ခြေသလုံး ပလွေရိုးဘဝကနေ လွတ်မြောက်နိုင်ပြီပေါ့။

Lifestyle_Myanmar
ref-healthline