Relationship တစ်ခုမှာ ချစ်သူနှစ်ဦးကြား သာမာန်စိတ်ဆိုး စိတ်ကောက်ကြတာထက်ပိုပြီး နားလည်မှုလွဲတာ စိတ်အခန့်မသင့်တာတွေကြောင့် ဒေါသစိတ်တွေ ဖြစ်ပေါ်ဖူးကြမယ် ထင်ပါတယ်။ လူတိုင်းလူတိုင်းမှာ သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခုကို ကျော်လွန်သွားမယ်ဆိုရင် ဒေါသစိတ်တွေပေါက်ကွဲထွက်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးကြား ဒေါသထွက်စရာ အကြောင်းအရာတစ်ခုခု ကြုံလာပါက ဒီနည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ပါ။
(၁) ခဏလောက်တစ်ယောက်တည်းနေလိုက်ပါ
တစ်ခါတစ်လေမှ ပြဿနာတွေက ရှင်းလေရှုပ်လေ ဖြစ်လာပြီး ဒေါသစိတ်တွေ ပိုမိုကြီးထွားလာစေတတ်ပါတယ်။ ဒေါသထွက်နေချိန်ဟာ များသောအားဖြင့် အမှားဘက်ကိုပဲဦးတည်နေတာကြောင့် သွေးအေးသွားတဲ့အထိ ခေတ္တခဏလောက်တစ်ယောက်နေတာက ပိုသင့်တော်ပါတယ်။ တစ်ယောက်တစ်ခွန်း အပြန်အလှန် ငြင်းခုန်နေတာထက်စာရင် တစ်ယောက်တည်းနေလိုက်ခြင်းက ဆိုးကျိုးဖြစ်ပေါ်မှု လျော့နည်းစေမှာပါ။ ဒေါသစိတ်တွေ ပြေငြိမ်းသွားပြီဆိုတော့မှ ဖြစ်ခဲ့တဲ့ပြဿနာကို ပြန်ဖြေရှင်းတာကောင်းပါတယ်။

(၂) ပြဿနာရဲ့ အရင်းအမြစ်ကိုပြန်သုံးသပ်ပါ
တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အသေးအမွှားကိစ္စလေးကနေ အကြီးအကျယ်ဒေါသထွက်စရာတွေ ဖြစ်လာတတ်ပါတယ်။ ပြဿနာတစ်ခုအစပြုလိုက်ပြီဆိုရင် ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းက ပျောက်သွားပြီး ဒေါသစိတ်တွေ ငြင်းခုန်မှုတွေကပဲ ဖုံးလွှမ်းသွားတတ်ကြတာပါ။ ဒါကြောင့် ဒေါသအရမ်းထွက်နေပြီဆိုရင် ဒီဒေါသစိတ်တွေ ဖြစ်တည်လာရတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ပြန်သုံးသပ်ပါ။ သေးသေးမွှားမွှား ကိစ္စဆိုရင်တော့ စိတ်အပင်ပန်းခံပြီး ဒေါသစိတ်တွေဖြစ်မနေမိအောင် ကိုယ့်ကိုယ်ကိုပြန်သတိပေးပါ။

(၃) စကားလုံးတွေနဲ့ ထိုးနှက်ခြင်းကိုရှောင်ကျဉ်ပါ
လူတစ်ယောက်ကို ဓားနဲ့ထိုးမှသေတာမဟုတ်ပါဘူး။ စကားတွေနဲ့ထိုးနှက်ရင်လည်း သေနိုင်ပါတယ်။ ဒေါသထွက်နေတဲ့အချိန်မှာ အနိုင်လိုစိတ်တွေ အမှောင်တွေကပဲ ဖုံးလွှမ်းမိနေတာကြောင့် ပြင်းထန်တဲ့စကားလေးတွက အော်တိုပြောထွက်နေမိပါတယ်။ အနိုင်ရဖို့အတွက်နဲ့ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုပါ စကားနိုင်လုပြီး ထိုးနှက်မယ်ဆိုရင် ပြဿနာကတစ်စထက်တစ်စ ပိုကြီးထွားလာစေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်နေတဲ့အချိန် မိမိပါးစပ်ကပြောလိုက်တဲ့ စကားတိုင်းကိုသတိထားပါ။

(၄) စိတ်ထဲကအဖုအထစ်တွေကိုတစ်ခါတည်းရှင်းပါ
တစ်ချို့ကျတော့လည်း ဒေါသထွက်နေပေမယ့် စိတ်ထဲမှာပဲမြိုသိပ်ထားတတ်ပြီး အပြင်ကိုထုတ်မပြတာမျိုးတွေရှိပါတယ်။ ဒါဟာ အမှန်တကယ် သည်းခံခွင့်လွတ်လိုက်ခြင်းမျိုးမဟုတ်ပဲ စိတ်ထဲမှာဒေါသတွေကို သန္ဓေတည်လိုက်ခြင်းဖြစ်ပါတယ်။ တစ်ကြိမ်နှစ်ကြိမ်ကနေ မြိုသိပ်လိုက်လို့ရပေမယ့် အကြိမ်ပေါင်းများစွာ ဖြစ်လာမယ်ဆိုရင်တော့ အကြီးအကျယ် စိတ်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြဿနာဖြစ်ရင် ချက်ချင်းရှင်းပါ။ မကျေနပ်တာတွေကို ချက်ချင်းရှင်းပြီး စိတ်ထဲအဖုအထစ်တွေ မထားမိအောင် နေသင့်ပါတယ်။

Lifestyle_Myanmar
ref-verywellmind