ချစ်သူစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ ချစ်ခင်ကြင်နာမှုတွေကို နှစ်ရှည်လများ တည်ဆောက်ပြီးတဲ့အခါ ဖူးစာဖက်မှန်ရင် ရွှေလက်ခိုင်ခိုင် တွဲသွားကြလေ့ရှိပါတယ်။ နှစ်ယောက်တစ်ဘဝ ထူထောင်တဲ့အခါ ချစ်နေရုံနဲ့မပြီးသေးပါဘူး။ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ဘဝကို အတူတူဖြတ်သန်းကြရတာပါပဲ။ ဒီလို နှစ်ယောက်တစ်ဘဝ တည်ဆောက်တဲ့အခါ သူမကလည်း ဇနီးဝတ္တရားကျေပွန်အောင် ကြိုးစားမှာဖြစ်သလို အမျိုးသားတို့ကလည်း ကိုယ့်ရဲ့ ခင်ပွန်းဝတ္တရားကျေပွန်အောင် ထမ်းဆောင်ကြမှာပဲဖြစ်ပါတယ်။
အသေးအဖွဲလေးတွေကိုလည်း လျစ်လျူမရှုထားဘဲ ဂရုစိုက်ပေးရပါမယ်။ အခုဖော်ပြပေးမယ့် အချက်လေးတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် ကြင်သူသက်ထား အပေါ်ထားတဲ့ သင့်ရဲ့အချစ်တွေကို ဖော်ပြရင်း သင်က ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်ပါ။
သူမ ကြိုက်နှစ်သက်တဲ့အရာတွေကို လေ့လာမှတ်သားထားပါ။
သူမ စိတ်ညစ်နေတဲ့အချိန်မှာ တစ်ယောက်တည်းနေရတာကို ကြိုက်နှစ်သက်တာလား၊ သူမက ကော်ဖီကြိုက်တဲ့သူလား၊ ဒါမှမဟုတ် လက်ဖက်ရည်ကြိုက်တဲ့သူလား စတဲ့အသေးအဖွဲလေးတွေကအစ မှတ်ထားပေးခြင်းက သင် သူ့အပေါ် ဘယ်လောက်ဂရုစိုက်သလဲဆိုတာကို ပြသရာရောက်ပြီး သင်တို့နှစ်ဦးကြား ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။

သူမရဲ့မျက်လုံးကို ကြည့်ပြီး စကားပြောပါ။
မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ပြောလို့ရှိပါတယ်။ သူမရဲ့ မျက်လုံးတွေကို ဂရုတစိုက်ကြည့်ရင်း သူမရဲ့စိတ်ကို ဖတ်ပါ။ ၂၄ နာရီ ၇ ရက်ပတ်လုံး မျက်လုံးကို စိုက်ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လေးနက်တဲ့ကိစ္စတွေ တိုင်ပင်ဆွေးနွေးတဲ့အခါမျိုးမှာ မျက်လုံးချင်း ဆုံပေးရပါမယ်။ ပြီးတော့ မနက်ဖြန်ကျ ဘာချက်စားကြမလဲ ဆိုပြီး ပေါ့ပေါ့ပါးပါးတိုင်ပင်တဲ့အခါမျိုးမှာလည်း မျက်လုံးအကြည့်ချင်း စကားပြောပေးဖို့လိုပါမယ်။

သင့်ရဲ့ အလှည့်ကို စောင့်ပါ။
သူမ တစ်နေ့တာ ကြုံတွေ့ဖြတ်သန်းခဲ့ရသမျှတွေကို သင့်ကို ပြောပြတဲ့အခါ ကြားဖြတ်မပြောဘဲ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ။ သင်တို့ နှစ်ယောက် အခြေအတင် ငြင်းခုန်တဲ့အခါမျိုးမှာလည်း သူမရဲ့ထင်မြင်ချက်ကို ဆုံးအောင်နားထောင်ပေးပါ။ ပြီးမှ သင့်ရဲ့အမြင်ကို ပြန်ပြောပြသင့်ပါတယ်။ သူမလည်း ထိုနည်းတူ ပြုလုပ်သင့်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ကိုယ်ပိုင်အချိန်ပေးပါ။
သင်တို့ရဲ့အချိန်ကို ၂၄ နာရီလုံးလုံး ရာနှုန်းပြည့်အတူတူကုန်ဆုံးစရာမလိုပါဘူး။ ကိုယ် ဝါသနာပါတဲ့အရာတွေကို အချိန်ပေးမယ်၊ ကိုယ့်မိဘ ညီအစ်ကိုမောင်နှမတွေဆီ အလည်သွားမယ်၊ သူငယ်ချင်းတွေနဲ့လည်း အပြင်ထွက်လည်မယ် စသည်ဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက်လည်း အချိန်ပေးပါ။ တစ်ယောက်ကို တစ်ယောက် ကိုယ်ပိုင်အချိန်ပေးခြင်းအားဖြင့် သင်တို့ရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် ကူညီပေးနိုင်ပါတယ်။

Lifestyle_Myanmar
ref-marriage