အလုပ်နဲ့ပဲ ခရီးသွားသွား ၊ အားလပ်ရက်မှာ အနားယူအပန်းဖြေဖို့ပဲ ခရီးထွက်ထွက် ခရီးသွားချိန်မှာ ကိုယ့်ရဲ့ စွမ်းအင်ကို အမြင့်ဆုံးကနေ မကျစေအောင် ထိန်းလို့ရတဲ့ နည်းသိထားတာ ကောင်းပါတယ်။ ခရီးသွားရင်း အားမွေးနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေက သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။
(၁) စနစ်ကျတဲ့ အသက်ရှုနည်းစနစ် သုံးပါ
အသက်ရှုတတ်ရင် အမောပြေပါတယ်။ စည်းစနစ်ကျတဲ့ အသက်ရှုနည်းဟာ အမောအပန်းပြေရုံတင်မဟုတ်ဘဲ ကိုယ်ရောစိတ်ပါ နှစ်နှစ်ခြိုက်ခြိုက် အနားရစေမှာပါ။ ခရီးသွားနေချိန်မှာ အသက်ရှုလေ့ကျင့်ခန်းကောင်းတစ်ခုခုကို လက်ကိုင်ထားပြီး သွားလာနေမယ်ဆိုရင် လူဟာ သိသိသာသာ တက်ကြွနေမှာပါ။ တစ်နေ့ကို ဆယ်မိနစ်နှုန်းနဲ့ အလေ့အကျင့်လုပ်နိုင်တဲ့ အသက်ရှုနည်းစနစ်တွေ ရှိပါတယ်။
ဒီထဲက အထိရောက်ဆုံး အသက်ရှုနည်း ၂ ခုရှိပြီး တစ်ခုက ဝမ်းဗိုက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ စိတ်ကို ဗိုက်မှာ စုစည်းထားပြီး ၅ စက္ကန့်ကြာအောင် အသက်ရှုသွင်းပြီး ၅ စက္ကန့်ကြာအောင် ရှုထုတ်ရမှာပါ။ အသက်ရှုနေချိန်မှာလည်း ၁ ကနေ ၅ အထိ ရေတွက်နေပြီး ဗိုက်ကို စိတ်နဲ့ မြင်အောင် ကြည့်မယ်ဆိုရင် ဖိအား သိသိသာသာ လျော့ပါးသွားပြီး အာရုံကြောစနစ်တွေ အနားရသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကိုတော့ စွမ်းအင်အသက်ရှုခြင်းလို့ နာမည်ပေးထားပါတယ်။ နှာခေါင်းကနေ အသက်ကို ပြင်းပြင်းရှုပြီး ပါးစပ်ကနေ ပြန်ထုတ်တာပါ။ ဒါကို အကြိမ် ၂၀ အထိ လုပ်ပေးမယ်ဆိုရင် အာရုံကြောစနစ်တွေတင် အားကောင်းလာမှာမဟုတ်ဘဲ ကိုယ်ခံအားစနစ် တက်လာပြီး အဆုတ်လည်း ပိုပြီး အလုပ်လုပ်လာမှာပါ။
(၂) နံရံမှာ ခြေထောက်တွေ ကပ်ထောင်ထားပါ
ခြေထောက်တွေကို နံရံကပ်ပြီး မိုးပေါ်ထောင်ကာ ကိုယ် ၊ လက် ခြေတွေကို လျှော့ထားပါ။ ဒါဟာ ခန္ဓာကိုယ်အကြောတွေတင် လျော့သွားတာ မဟုတ်ဘဲ ဖိအားနဲ့ ပင်ပန်းနွမ်းနယ်တာပါ ချက်ချင်း သက်သာသွားပါလိမ့်မယ်။ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ လုပ်ပေးတာဟာ အညောင်းပြေပြီး လူလည်း ပေါ့ပါးစေပါတယ်။

(၃) ညဘက်မှာ ပျားရည်အနည်းငယ် စားပေးပါ
အိပ်ရာဝင်ခါနီး ရေနွေး (သို့) Green Tea ထဲ ပျားရည်ကို လက်ဖက်စားဇွန်း ၁ဇွန်း ၂ ဇွန်း စားပေးခြင်းဟာ ညဘက် ခန္ဓာကိုယ်စနစ်ကို ပြန်ကောင်းအောင် သဘာဝအတိုင်း ပြုပြင်ပေးနိုင်ပါတယ်။ အိပ်စက်ခြင်း ဟော်မုန်းတွေကိုလည်း ချိန်ညှိပေးပြီး ခန္ဓာကိုယ် ယောင်ယမ်းမှု သက်သာစေအောင် အသည်းကိုလည်း အားဖြည့်ပေးပါတယ်။
ပျားရည်ဟာ မယ်လတိုနင်ဟော်မုန်းလို့ ခေါ်တဲ့ ခန္ဓာကိုယ် တစ်သျှူးတွေ ပြန်ကောင်းမွန်စေတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ ဆဲလ်တွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) ဒိုက်ထိုးပါ
ဒိုက်ထိုးတာ ၊ တံတောင်အားပြုပြီး မိနစ်အနည်းငယ်ကြာအောင် ကိုယ်ကို မှောက်ထားတာဟာ ခန္ဓာကိုယ်ဇီဝလုပ်ဆောင်မှု ဖြစ်စဉ်ကို နှိုးဆွပေးပြီး ဦးနှောက်တွင်း သွေးစီးမှုကို ပိုကောင်းစေပါတယ်။ Planking လို တံထောင်ထောက် လေ့ကျင့်ခန်းဟာ ကိုယ်တွင်း စွမ်းအင်ကို အမြန် တက်စေပြီး အာရုံစူးစိုက်မှုအားလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။
Lifestyle_Myanmar
ref-fitnessandwellnessnews.com