အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။
ရည်မှန်းချက်ထားပါ
အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က ဘာလဲဆိုတာ သိရပါမယ်။ ကြိုးတော့ ကြိုးစားနေပါရဲ့။ ဘာအတွက် ကြိုးစားနေမှန်းမသိဘူးဆိုရင်လည်း အလုပ်မဖြစ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ပန်းတိုင်ဟာ ဘာလဲဆိုတာကို အရင်ဆုံးဆန်းစစ်ပါ။
အချိန်ကို လေးစားပါ
အချိန်ကို တိကျလေးစားခြင်းမရှိသူဟာ အောင်မြင်မှုနဲ့ ဝေးနေမှာပါ။ အချိန်တိကျခြင်းဟာ ကိုယ့်အလုပ်ကို ကိုယ်နဲ့အတူ တွဲဖက်လုပ်ကိုင်မယ့်သူတွေကို လေးစားတာပါပဲ။ ဒီလို ကိုယ်လုပ်ဆောင်ရမယ့် အရာရာအပေါ် လေးစားမှုရှိပါမှ ကိုယ့်ကိုလည်း သူများက လေးစားသဘောကျမှာပါ။ လူအများရဲ့ လေးစားသဘောကျမှုကို ခံရပြီဆိုရင်တော့ အောင်မြင်ဖို့ရာခိုင်နှုန်း နီးစပ်သွားပါပြီ။

ကြိုတင် တွေးတောကြံဆပါ
အရာရာကို ကြိုတင်တွေးတောထားဖို့လည်း လိုအပ်ပါတယ်။ မီးစင်ကြည့်ကမယ်ဆိုတာ နေရာတိုင်းတော့ အဆင်မပြေနိုင်ပါဘူး။ ဘာမှ ကြိုတင်တွေးတောထားခြင်းမရှိပါဘဲ ကြုံလာတာကို ဖြစ်သလို ဆုံးဖြတ်ချက်ချသူတွေက အောင်မြင်ဖို့လည်း မလွယ်ကူလှပါဘူး။
မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပါ
မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် စဉ်းစားတွေးတော ဆုံးဖြတ်ဆောင်ရွက်ပါ။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ တွေဝေငေးမောနေရင် သူများထက် နောက်ကောက်ကျသွားပါလိမ့်မယ်။ တစ်ခုသတိထားရမှာကတော့ မြန်မြန်ဆန်ဆန်ဆိုတဲ့နေရာမှာ အလောသုံးဆယ် သွားမလုပ်လိုက်ပါနဲ့ ။ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ဆိုတဲ့ စကားလုံးကို သတိကပ်ပါ။
စိတ်ဖိစီးမှုတွေကို ကျော်ဖြတ်နိုင်ပါစေ
စိတ်ဖိစီးမှုကို အလုပ်တကယ်လုပ်နေသူတိုင်း ကြုံတွေ့ကြရမှာပါ။ တချို့ စိတ်ဖိစီးမှုတွေက ခဏလေးနဲ့ အဆင်ပြေပြေပြီးသွားတတ်ပေမယ့် တချို့ စိတ်ဖိစီးမှုတွေကတော့ စိတ်ဓာတ်တွေ ကုန်းကောက်စရာမရှိအောင် ကျဆင်းသွားတတ်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုဒဏ်တွေကိုလည်း နည်းစနစ်တကျ ကျော်လွှားသွားနိုင်ဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar
ref-range