လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ သို့ပေမယ့် ကျွန်မတို့ပုံမှန်လုပ်လေ့ရှိတဲ့အရာတွေက ကျွန်မတို့ရဲ့ ပျော်ရွှင်ခြင်းကို မပိုင်ဆိုင်ရစေဖို့ တားဆီးနေပါတယ်။ ၎င်းတို့ထဲက တစ်ချို့အမူအကျင့်တွေကို မျှဝေချင်ပါတယ်။
၁။ သင့်ကိုယ်သင် အရမ်းခက်ခက်ခဲခဲဖြစ်တည်ခြင်း

လူတစ်ယောက်ဟာ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ပဲ ရှင်သန်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ လူ့ပတ်ဝန်းကျင်ရဲ့ အလှအပစံသတ်မှတ်နှုန်းတွေ၊ ဘဝကြီးထဲက အဆင်မပြေမှုတွေကို တစ်ချိန်လုံးအဖက်လုပ်တွေးပြီး ပူပန်နေမယ်ဆိုရင် လူတစ်ယောက်ဟာ ပျော်ရွှင်ဖို့အချိန်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဖြစ်တည်မှုလေးကို တန်ဖိုးထားပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ပါ။ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ လှပခြင်းဆိုတာ စံသတ်မှတ်ချက်တွေမှာ ပိတ်လှောင်နေတာမဟုတ်ဘဲ ဘယ်သူမဆို လှနိုင်ပါတယ်။ ထူးခြားကွဲထွက်နေတဲ့အလှမျိုးကို တန်ဖိုးထားပါ။
၂။ တစ်ခြားလူတွေကို ဝေဖန်လွန်းခြင်း

အကြံပြုခြင်းတစ်ချို့ကို လက်ခံဖို့ဖြစ်နိုင်ပေမယ့် တစ်ဖက်လူအပေါ် အလဟဿဝေဖန်အပြစ်တင်နေတာက တော်တော်အားနေတဲ့လူတွေရဲ့ အလုပ်ဖြစ်ပါလိမ့်မယ်။ တစ်ဆက်တည်းမှာ ဘဝမှာ ရှင်သန်ရတာ အင်မတန်ခက်ခဲနေသူတွေနဲ့ ပျော်ရွှင်မှုပျောက်ဆုံးနေသူတွေလည်းဖြစ်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ဝေဖန်ကဲ့ရဲ့ခြင်းက အင်မတန်အသိဉာဏ်မဲ့သော လူတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။
၃။ ကိုယ့်ပိုင်ရည်မှန်းချက်တွေ/ကိုယ်ပိုင်အဓိပ္ပာယ်တွေနဲ့ မရှင်သန်ခြင်း

တစ်ခြားလူတွေရဲ့ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေကိုပဲ ပိုပြီး စိတ်ဝင်စားဖြစ်သူဟာ သူတို့ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကို သိပ်မတွေ့ရတတ်ပါဘူး။ အကြောင်းရင်းကတော့ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ပုံစံမျိုးစုံံနဲ့ ရှင်သန်နေကြပြီး ၎င်းတို့အားလုံးကို သင်လိုက်ကြည့်နေသရွေ့ သင်ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။
၄။ အတိတ်က အမှားတွေကနေ ထွက်မလာနိုင်ခြင်း (ညည်းညူခြင်း/ငြူစူခြင်း)

အမှားလုပ်တတ်တာက လူ့သဘာဝပါ။ လူတိုင်းက သူတို့ရဲ့အတိတ်က မကောင်းတဲ့အမှတ်တရတွေကို မေ့ပစ်ချင်ကြပါတယ်။ မေ့ပစ်ရဖို့လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပြီး ၎င်းကြောင့်ပဲ အမှားတွေဆက်လုပ်မိကြပါတယ်။ အတိတ်ကအမှားတွေကို ပြန်တွေးပြီး ပူပင်သောကရောက်နေတာက ထပ်ပြီးအမှားတွေလုပ်နေမိပြီဆိုတာ သင်သိပါသလား? ယခုလုပ်မိနေတဲ့အမှားတွေက သင့်ရဲ့ အနာဂတ်အတွက် အတိတ်ဖြစ်နေဦးမှာပါပဲ။ သင်ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး။ အတိတ်ကနေ ရုန်းထွက်ပါ။
၅။ အနာဂတ်အတွက် စိုးရိမ်ခြင်း

ဖြစ်မလာသေးတဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားသင့်ပေမယ့် ဘာတွေဖြစ်မလာလို့ ကြိုတွေးကြောက်နေတာမျိုးမဖြစ်သင့်ပါ။ ဘယ်သူကမှ အနာဂတ်ကို တထစ်ချကြိုမြင်ပြီး ရှင်သန်နေတာမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတိုင်းလိုပဲ လုပ်စရာရှိတာလုပ်ရင်း လွတ်လပ်ပျော်ရွှင်စွာ ရှင်သန်ပါ။