လူတိုင်းဟာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို တောင့်တကြပေမယ့် တကယ်တမ်း ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အရာတွေကို လုပ်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေး ဆိုတာ စောင့်ရှောက်ရတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှ စောင့်ရှောက်ရင်း လူ့သက်တမ်းကို ဆွဲဆန့်နိုင်မယ့် အလေ့အကျင့်ကောင်းတစ်ချို့ကို သိထားဖို့လိုပါတယ်။
(၁) များများ ရပ်ပါ
ခန္ဓာကိုယ်ပုံစံဟာ သင့်ကျန်းမာရေးနဲ့ လူ့သက်တမ်းကို အတိုအရှည် ဆွဲဆန့်နိုင်တယ်ဆိုရင် ပိုတယ်လို့ထင်ကြပါလိမ့်မယ်။ အခုခေတ်မှာ လှူပ်ရှားမှုနည်းပြီး အထိုင်များရင် သေလောက်တဲ့ရောဂါ ဝင်နိုင်တယ်ဆိုတာ လူတိုင်း လက်ခံလာကြပြီ ဖြစ်ပါတယ်။
အထိုင်များခြင်းရဲ့ ဆန့်ကျင်ဘက်တစ်ခု ဖြစ်တဲ့ မတ်တပ်ရပ်တဲ့ အလေ့များခြင်းကတော့ သက်တမ်းပိုရှည်ဖို့ အကြောင်းတစ်ခု ဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူများက ထောက်ခံထားကြပါတယ်။

(၂) အိပ်တာဟာ ဇိမ်ခံတာ မဟုတ်ပါဘူး
အိပ်စက်မှုနဲ့ လူ့ကျန်းမာရေး ဆက်စပ်မှုကို လူတွေဟာ ရှေးကတည်းက သတိထားမိခဲ့ကြပါတယ်။ အိပ်ရေးမဝဘဲ အနားမရတဲ့ လူတစ်ယောက်ဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဖျားလွယ်နာလွယ်နိုင်ပါတယ်။
တစ်နေ့ ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးခြင်းအားဖြင့် အာရုံစူးစိုက်မှု ပိုကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သလို စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။

(၃) တစ်နေ့ကို မိနစ် ၃၀ အနည်းဆုံး လှုပ်ရှားပေးပါ
အမြဲတမ်းလှူပ်ရှားပေးပါ။ ထိုင်တာ ကြာသွားရင် မတ်တပ်ရပ်ပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ပေးပါ။ လှုပ်ရှားမှူဟာ လူကို စွမ်းအင်ပေးပါတယ်။ မပြတ်လှုပ်ရှားမှုကြောင့် လူဟာ နေမကောင်း ထိုင်မသာ ဖြစ်တာ နည်းပါးပြီး ကိုယ်လက်ကြံ့ခိုင်မှု အားကောင်းလာပါတယ်။ အနည်းဆုံး အကြောလျှော့တာဖြစ်ဖြစ် အနှေးပြေးလေ့ကျင့်တာ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
(၄) ရေသောက်သုံးမှု များပါစေ
ခန္ဓာကိုယ်ရဲ့ ၆၀% ခန့်ဟာ ရေဓါတ်ဖြစ်ပါတယ်။ ရေကောင်းရေသန့် လုံလောက်အောင် သောက်သုံးပေးခြင်းဟာ လူကို ကြည်လင် လန်းဆန်းပြီး ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှု စနစ်ကောင်းမွန်စေပါတယ်။
ရေသောက်ရာမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ အဟာရဓါတ်တွေကို စားသုံးနေရတယ်လို့ မှတ်ယူပြီး အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးသင့်ပါတယ်။

(၅) အခွံမာသီး စားပေးပါ
ဗာဒံစေ့၊ သစ်ကြားသီးလိုမျိုး အခွံမာအုပ်ထားတဲ့ အစေ့အဆံတွေဟာ အိုမီဂါ ၃ ပါဝင်မှု မြင့်ပြီး လူ့ကျန်းမာရေးကို အများကြီး အထောက်အကူပြုတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ တစ်နေ့ကို အယ်လ်မွန်စေ့လို အခွံမာသီး တစ်အောင်စ စားတဲ့သူဟာ လုံးဝမစားသူတွေထက် အနှစ် ၃၀ ကျော်ကြာ အသက်ပိုရှည်နိုင်တယ်လို့ နယူးအင်္ဂလန်ဆေးဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
(၆) လေကောင်းလေသန့်ရှုရှိုက်ပါ
ပြတင်းတံခါးတွေ ဖွင့်ထားပြီး လေသန့်သန့်လေးတွေ ဝင်လာပါစေ။ ဖြစ်နိုင်ရင် သစ်တောသစ်ရိပ်မှာ လမ်းလျှောက်တာ ၊ အနားယူတာ လုပ်သင့်ပါတယ်။ မြို့ပြမှာနေသူတွေအတွက်ကတော့ အခန်းထဲက တံခါးတွေ ဖွင့်ထားတာ ၊ ပန်းခြံတွေထဲ သွားနားတာ လုပ်နိုင်ပါတယ်။ အခန်းထဲမှာပဲ အချိန်အကြာကြီး အောင်းနေတာဟာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။

(၇) သောကနည်းအောင်နေပါ
ဘဝမှာ ကိုယ်မကြိုက်တာချည်းကို ကြိတ်ပြီး လုပ်နေရပြီဆိုရင် စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ကိုယ့်စိတ်အာရုံကို ရှုပ်ထွေးမွန်းကြပ်စေမယ့် အရာတွေကနေ ဝေးအောင်နေပါ။
တကယ်လို့ ဝေးအောင်နေလို့မရဘူးဆိုရင် ကိုယ့်စိတ်ကို ပြင်ဆင်ပြီး စိတ်ခံစားမှု မလွန်ကဲအောင် နေသင့်ပါတယ်။ အကောင်းဆုံးကတော့ တရားထိုင်တာ ၊ ယောဂကျင့်တာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးတွေဟာ စိတ်သောက နည်းစေမယ့် အလေ့အကျင့်ကောင်းတွေပဲ ဖြစ်ပါတယ်။
Lifestyle_Myanmar
ref-theladders.com