ဒေါသစိတ် ဟာ လူတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ဒုက္ခပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက် ဒေါသထွက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာခံစားရသလို ခန္ဓာကိုယ်ကလည်း ဒေါသစိတ်ဖုံးလွမ်းနေတဲ့အတွက် အမှားကိုမမြင်နိုင်ဘဲ လုပ်မိလုပ်ရာလုပ်တတ်ကြပါတယ်။
ဒေါသစိတ်ဟာ ကောင်းကျိုးတစ်စက်မှ မရှိဘူးဆိုတာသိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်မှာအနည်းဆုံး ၃ ကြိမ်ခန့် ဒေါသစိတ်တွေ ဖြစ်ပေါ် နေကြရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒါကြောင့် ဒေါသစိတ်တွေဖြစ်လာတိုင်း ကိုယ့်ရဲ့စိတ် အမြန်ဆုံးထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။
(၁) ဒေါသဖြစ်ရတဲ့အကြောင်းအရင်းကိုမေ့ထားပါ
ဒေါသအရမ်းထွက်နေချိန်မှာ ဒီဒေါသစိတ်တွေအစပျိုးခဲ့တဲ့ ဖြစ်စဉ်အစ အကြောင်းအရာတွေကို ခေတ္တခဏမေ့ထားသင့်ပါတယ်။ ပြဿနာရဲ့ အစကိုပြန်တွေးလိုက်တိုင်း ဒေါသစိတ်ကပိုပိုပြီး Level မြင့်လာတတ်တာမလို့ ဒေါသထွက်နေချိန်မှာ ခဏလောက်အဲ့ဒီအကြောင်းအရာတွေမတွေးဘဲ နေကြည့်ပါ။ ပုံမှန်စိတ်အနေအထားကိုပြန်ရတော့ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်းကို ရှာပါ။

(၂) အသက်ခပ်ပြင်းပြင်းရှုပါ
ဒေါသအရမ်းထွက်နေတဲ့အခါ အသက်ခပ်ပြင်းပြင်း ရှုလိုက်ပါ။ အဓိကအားဖြင့် နှာခေါင်းကိုအားပြုပြီး ပြင်းပြင်းထန်ထန် အသက်ရှုလိုက်ပါ။ ပြီးရင် ပါးစပ်ကနေ ဖြည်းဖြည်းချင်းလေကို ပြန်မှုတ်ထုတ်ပါ။ အသက်ရှုသွင်း ရှုထုတ်နေစဉ်အတွင်းမှာလည်း ဒေါသဖြစ်စေတဲ့အကြောင်းအရာတွေကို ခဏလောက်မေ့ထားပါ။ ဒီနည်းလမ်းဟာ (၂) မိနစ်အတွင်းသင့်ရဲ့ ဒေါသစိတ်ကို ပြေလျော့လာစေမှာဖြစ်ပါတယ်။

(၃) လမ်းလျှောက်ပါ
ဒေါသစိတ်တွေဖြစ်ပေါ်လာချိန်မှာ တစ်နေရာတည်းထိုင်နေတာမျိုးမလုပ်ပါနဲ့။ တစ်နေရာတည်းမှာ ထိုင်နေခြင်းဟာ အတွေးတွေပိုမိုစုပြုံဝင်လာစေပြီး ဒေါသမီးတွေ တောက်လောင်ဖို့ အားကောင်းလာစေပါတယ်။ ဒါကြောင့် အနည်းဆုံးခြံထဲဆင်းပြီး လမ်းလျှောက်တာမျိုး ၊ အိမ်ရှေ့နဲ့ နောက်ဖေး လမ်းလျှောက်ပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်ပေါ်က အကြောအချဉ်တွေပြေလျော့ပြီး ဒေါသစိတ်တွေ ပြေလျော့လာမှာဖြစ်ပါတယ်။

(၄) စာအုပ်မှာချရေးပါ
ဒေါသစိတ်ဖြစ်ရတဲ့ အကြောင်းအရာတွေ ၊ ကိုယ်ရဲ့ ခံစားချက်မှန်သမျှကို စာအုပ်တစ်ခုမှရေးချကြည့်ပါ။ ပြီးရင်ကိုယ်ရေးထားတဲ့ အချက်တွေကိုပြန်ဖတ်ပြီး သုံးသပ်ကြည့်ပါ။ မေ့လို့ရလောက်တဲ့အရာတွေကို ချက်ချင်းမေ့ပစ်လိုက်ပါ။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို ဒေါသစိတ်တွေနဲ့ အကြာကြီး ဖုံးလွမ်းမထားပါနဲ့။
(၅) တစ်ရေးအိပ်လိုက်ပါ
လူတစ်ယောက်ဟာ ဒေါသထွက်နေပေမယ့် တစ်ရေးအိပ်ပြီးပြန်နိုးလာချိန်မှာ ဒေါသစိတ်တွေ အစရှာမရအောင် ပျောက်သွားတတ်ပါတယ်။ တစ်ရေးအိပ်လိုက်ခြင်းအားဖြင့် စိတ်ကိုအနားပေးရာရောက်ပြီး အိပ်ယာနိုးလာချိန်မှာလည်း စိတ်ထဲရှင်းလင်းပြီး အေးချမ်းစွာနိုးထလာပါလိမ့်မယ်။ ဒေါသတွေထွက်နေရင် ခဏတစ်ဖြုတ်အိပ်စက်အနားယူလိုက်ပါ။

Lifestyle_Myanmar
ref-healthline