အလုပ်ထဲမှာ ဝေလေလေလုပ်နေဖို့ ပြောတာမဟုတ်ပါဘူး။ လုပ်စရာရှိတာကို လုပ်နေတဲ့အချိန်မှာ ပီပြင်စွာလုပ်ပါ။ Productive ဖြစ်အောင်လုပ်ပါ။
အလုပ်လုပ်တဲ့အခါ မပင်ပန်းဘဲ ရုံးခန်းထဲထိုင်ပြီး လက်ပ်တော့လေး၊ ကွန်ပျူတာလေးနဲ့ အဲကွန်းခန်းထဲ သက်သောင့်သက်သာအလုပ်လုပ်ရပေမယ့် လူတိုင်း၊ လူတိုင်းမှာတော့ အလုပ်နဲ့ပတ်သက်တဲ့ ဖိအားဆိုတာရှိစမြဲပါ။ တချို့ကျ တစ်နေကုန်၊ တစ်နေခမ်းအလုပ်ထဲ ခေါင်းနစ်ပြီး ထမင်းမစား၊ ဟင်းမစား၊ ရေမသောက်ဘဲ အာဟာရသိဒ္ဓိမြောက်နေသလားမှတ်လောက်အောင် အလုပ်များကြပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဝန်ထမ်းတွေအတွက် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ ထမင်းလွတ်၊ ဟင်းလွတ်မလုပ်ပါနဲ့။
အချို့ကျ အလုပ်အရမ်းလုပ်ပြီး ထမင်းစားချိန် ကျော်လို့ ကျော်မှန်းမသိဖြစ်တတ်ကြပါတယ်။ အလုပ်လုပ်တာကောင်းတယ်ဆိုပေမယ့် ဒီလိုကြီးကျ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဲ့ဒါကြောင့် အလုပ်လည်းလုပ်ပါ။ ထမင်းစားချိန်ဆိုရင်လည်း ထမင်းမှန်မှန်စားပါ။ တချို့ မနက်အစောကြီးထလုပ်တဲ့သူတွေဆို မနက်စာတောင် မစားဘဲ တစ်နေကုန်နေဝင်တဲ့အထိ ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်တာမျိုးရှိပါတယ်။ ဒီလိုမျိုး လုံးဝလုံးဝမလုပ်ကြပါနဲ့နော်။

၂။ ရေများများသောက်ပါ။
ရုံးမှာတစ်နေကုန်လို့မှ ရေတစ်ခါမှထမသောက်တဲ့သူတွေရှိပါတယ်။ ဒါကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။ သင်က ရေဓာတ်ပြည့်ဝပြီး လန်းဆန်းတက်ကြွနေမှ အလုပ်ထဲမှာ သင့်ရဲ့စွမ်းဆောင်နိုင်ရည်က တိုးတက်လာမှာပေါ့။ ရေဓာတ် (၁) ရာခိုင်နှုန်းလောက် လျော့ကျရုံနဲ့ကို သင့်က အာရုံစူးစိုက်နိုင်စွမ်းလျော့ကျပြီး နိုးနိုးကြားကြားမရှိတော့ဘဲ တုံ့ပြန်မှုတွေအားလုံးနှေးကွေးသွားတော့မှာပါ။ နောက်ပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာတို့လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ရေများများသောက်ဖို့ သေချာပေါက်လိုအပ်ပါတယ်။

၃။ ကော်ဖီလျှော့သောက်ပါ။
တချို့ ဝန်ထမ်းတွေရှိပါတယ်၊ ကော်ဖီလေးသောက်လိုက်ရမှ နေသာထိုင်သာရှိသွားပြီး အလုပ်လုပ်လို့ ကောင်းသွားတယ်ဆိုတဲ့သူတွေပါ။ တချို့ဆို တစ်ခွက်မဟုတ်ပါဘူး။ တစ်ရက်တည်း နှစ်ခွက်၊ သုံးခွက်လောက်မှ အိုကေတဲ့သူတွေရှိပါတယ်။ ဒါမလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်မှာ ကဖိန်းဓာတ်အရမ်းများသွားရင် အသက်ရှူမြန်စေပြီး စိတ်ဖိစီးမှုကို ပိုမိုဖြစ်စေပါတယ်တဲ့။ အရင်တည်းက ကော်ဖီသောက်ရင် ရင်တုန်တယ်ဆိုတာ ရှိတယ်လေ။ နောက်ပြီး အလုပ်ထဲမှာ မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်။ အဲ့ဒါကြောင့် မနက်ခင်းကော်ဖီတစ်ခွက်လောက်နဲ့ပဲ ကျေနပ်ရောင့်ရဲကြပါနော်။

၄။ ကိုယ့်ကိုယ်ကိုယ်မကြာခဏအနားပေးပါ။
ဒီလိုပြောတာက အလုပ်ထဲမှာ ဝေလေလေလုပ်နေဖို့ ပြောတာမဟုတ်ပါဘူး။ လုပ်စရာရှိတာကို လုပ်နေတဲ့အချိန်မှာ ပီပြင်စွာလုပ်ပါ။ Productive ဖြစ်အောင်လုပ်ပါ။ ပြီးရင် သင့်ရဲ့စိတ်လန်းဆန်းမှုအတွက် မကြာခဏ သင့်ကိုယ်သင်အနားပေးသင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး ဒါမှမဟုတ် စာအုပ်တစ်အုပ်ကို ခဏလောက်ဖတ်တာမျိုးပေါ့။ ဒီလိုမျိုးအနားယူပေးတာက သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို မြင့်မားစေပါလိမ့်မယ်။ ကွန်ပျူတာသမားတွေဆို မျက်လုံးကို မကြာခဏအနားပေးပါ။ အလုပ်လုပ်တာနည်းနည်းကြာနေပြီလို့ ခံစားမိရင် မျက်လုံးလေးမှိတ်ပြီး မိနစ်ပိုင်းလောက် အနားယူတာမျိုး၊ အပြင်ဘက်က စိမ်းစိမ်းစိုစိုအရာတွေကြည့်တာမျိုးပေါ့။ လမ်းလေးဘာလေးထလျှောက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါကလည်း သင့်ရဲ့လည်ပင်းနဲ့နောက်ကျောအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

၅။ အဆာပြေမုန့်စားပါ။
အလုပ်လုပ်ရင်း ဗိုက်ဆာလာတဲ့အခါ အလွယ်တကူနဲ့ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ အဆာပြေမုန့်အသေးစားလေးတွေကို သင့်အလုပ်စားပွဲမှာ ဆောင်ထားပါ။ ဒီလိုမျိုးစားပေးတာက သင့်ရဲ့စိတ်ကိုလည်း အပြောင်းအလဲဖြစ်စေပြီး ခန္ဓာကိုယ်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက သင့်စားသုံးနေတဲ့ အဆာပြေမုန့်တွေက သင့်ရဲ့ကျန်းမာရေးနဲ့ ညီညွှတ်ဖို့လည်း လိုအပ်ပါတယ်။

ရုံးဆိုတာ ဒုတိယအိမ်လိုပါပဲ။ တချို့တွေဆို အိမ်မှာနေရတဲ့အချိန်ထက် ရုံးမှာအလုပ်လုပ်နေရတဲ့အချိန်ပိုများပါတယ်။ အဲ့ဒါကြောင့် ဘဝတူဝန်ထမ်းတွေအတွက် အလုပ်လည်းလုပ်၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်ဖို့အတွက် အခုလိုပဲ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။
#HM
#LifestyleMyanmar
Source: gurmouccmed