လူတိုင်းလူတိုင်းမှာ မိသားစုအရင်းအချာတွေလို သိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်တော့ ရှိတတ်ကြပါတယ်။ ကျောင်းတက်စဉ်ကတည်းက အဖွဲ့လိုက်ကြီး အတူသွားအတူလာနဲ့ အရမ်းကို ပျော်စရာကောင်းခဲ့ပေမယ့် ကျောင်းတွေပြီး လုပ်ငန်းခွင်ဝင်တဲ့အခါမှာတော့ အဆက်သွယ်ပြတ်သွားတတ်ကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းတာဝန်ကိုယ်စီနဲ့ အရင်လိုဆုံဖြစ်ဖို့ဆိုတာကလည်း တော်တော်လေးခက်ခဲသွားပါတယ်။ “အားတဲ့တစ်ရက်ဆုံကြရအောင်” ဆိုတဲ့စကားကလည်း နားထောင်ကောင်းတဲ့ ပုံပြင်တွေအလား ထင်မှတ်ရပါတယ်။ ဒါကြောင့် ကိုယ်သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အဆက်သွယ်မပြတ်ချင်ရင်တော့ ပြုလုပ်သင့်တဲ့ အကောင်းဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Online Group Chat ဖွဲ့ပါ
ဝေးကွာနေတဲ့သူငယ်ချင်းတွေ အဆက်သွယ်မဖြတ်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက အွန်လိုင်းမှာ Group ဖွဲ့ထားပါ။ Group ဖွဲ့ထားမယ်ဆိုရင် အရင်လို မဆုံဖြစ်ရင်တောင်မှ အဆက်သွယ်မပြတ်ရှိနေမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေအားလုံးစုံပြီး Video Call တွေပြောကြ ၊ စကြ နောက်ကြ စကားတွေပြောကြနဲ့ လူချင်းမတွေ့နိုင်ရင်တောင် အနီးကပ်ဆုံးရှိနေတဲ့ ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။

(၂) Weekend တွေမှာချိန်းပါ
လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေတော်တော်များများ Monday To Friday က အချိန်ပြည့် မအားလပ်နိုင်ကြပါဘူး။ အလုပ်ဆင်းချိန်တွေ့မယ်ဆိုရင်လည်း နောက်ရက်ရုံးတက်ရဦးမယ်ဆိုတဲ့ အသိနဲ့ နောက်ဆံတင်းပြီး ပျော်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် Weekend မှာ အေးအေးဆေးဆေး ချိန်းတာက အကောင်းဆုံးပါပဲ။
(၃) လူမှုရေးလုပ်ငန်းတွေ လုပ်ပါ
သူငယ်ချင်းတွေစုပြီး နိုင်သလောက်အားလေးနဲ့ ပရဟိတလုပ်ငန်းလေးတွေ ၊ အလှူလေးတွေပြုလုပ်ပါ။ သူငယ်ချင်းတွေတိုင်ပင်ပြီး အားလုံးတတ်နိုင်မယ့် ငွေအမောက်ပမာဏတစ်ခုကို သတ်မှတ်ပါ။ ရရှိလာတဲ့စုငွေလေးတွေကို တစ်လနဲ့တစ်လ မတူညီတဲ့နေရာလေးတွေကို သွားရောက်လှူဒါန်းပါ။ ဒီနည်းလမ်းလေးကတော့ ကုသိုလ်လည်းရတဲ့အပြင် သူငယ်ချင်းတွေမဖြစ်မနေစုံစေမယ့် နည်းလမ်းကောင်းလေးဖြစ်ပါတယ်။

(၄) ခရီးထွက်ပါ
သူငယ်ချင်းတွေစုပြီး တစ်နှစ်ကို အနည်းဆုံး (၁) ခေါက်လောက် ခရီးထွက်သင့်ပါတယ်။ တစ်နှစ်ပတ်လုံးအလုပ်တွေနဲ့ ပင်ပန်းခဲ့သမျှ သူငယ်ချင်းတွေစုပြီး ခရီးထွက်ခြင်းဖြင့် စိတ်လက်ပေါ့ပန်းလန်းဆန်းမှု ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင်သူငယ်ချင်းတွေ စုပြီး ခရီးထွက်ခြင်း မမေ့နိုင်လောက်စရာ အမှတ်တရလေးတွေရစေမယ့်အပြင် သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ပိုတိုးစေကာ စည်းလုံးညီညွှတ်မှုရရှိစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-aldohappy