မှတ်ဉာဏ်ဆိုတာ လေ့ကျင့်ယူလို့ရပါတယ်။ ပါရမီအလျောက် ဉာဏ်ကြီးတဲ့သူတွေလည်း ရှိသလို ဝီရိယနဲ့နည်းစနစ်ကောင်းကောင်းနဲ့ လေ့လာကျက်မှတ်မယ်ဆိုရင်လည်း စာပေလေ့လာမှုမှာ ဖတ်ထားသမျှ မှတ်မိနိုင်ပါတယ်။ စာကျက်နေတဲ့ ကျောင်းသားတွေအနေနဲ့ ကိုယ်ကျက်မှတ်ထားတဲ့ စာတွေကို Memory Recall ကောင်းကောင်း ခေါ်နိုင်ဖို့နည်းလမ်းတစ်ချို့ပေးချင်ပါတယ်။
(၁) Study Plan ရှိပါစေ
အချိန်ဇယားနဲ့စာကျက်တတ်တဲ့ အလေ့အကျင့်ဟာ စာကို အစီအစဉ်တကျ မှတ်မိစေဖို့အကောင်းဆုံး နည်းလမ်းထဲမှာ ပါပါတယ်။ စာကျက်တဲ့အခါမှာ ကိုယ့်အနေနဲ့ ဘယ်ဘာသာကို ဦးစားပေးကျက်မယ်။ ဘယ်အပိုင်းအတွက် ဘယ်လောက် အချိန်ပေးမယ်ဆိုတာကနေ ဘယ်နေရာမှာ စာကျက်မလဲဆိုတာပါ ရွေးချယ်သတ်မှတ်ထားသင့်ပါတယ်။

(၂) ကိုယ်ဖတ်နေကျ စာအုပ်နဲ့ပဲ လေ့လာပါ
စာကြည့်တဲ့အခါမှာ ကိုယ်ဖတ်နေကျစာအုပ် ကိုယ်ရေးနေကျ ဘော့ပင်နဲ့ ကိုယ်ကျက်နေကျ စာဖတ်ခန်းမှာပဲ လေ့လာတာက စိတ်ကို ပိုပြီး စုစည်းမိစေသလို စာတွေနဲ့လည်း ပိုပြီး ရင်းနှီးစေပါတယ်။ တစ်ခါတစ်လေ အစဖော်မရတဲ့ နေရာမျိုးမှာ ကိုယ်ပုံမှန်လေ့လာနေကျ စာအုပ်ရဲ့ ပုံသဏ္ဍာန်နဲ့အဲ့ဒီလို စာဖတ်နေချိန်က ဖြစ်ရပ်တွေကပါ စာပြန်မှတ်မိစေဖို့အထောက်အကူဖြစ်ပါတယ်။

(၃) ချရေးပါ
ကိုယ်ဖတ်ထားတဲ့ စာတွေကို အလွတ်သဘောပြန်ချရေးတာဟာ ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဒါဟာ ကိုယ်မှတ်ဉာဏ်ကို ပြန်ပြီး ပုံဖော်နေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရုပ်ရှင်ကားတစ်ကားထဲက အခန်းတွေကို ပြန်ပြီး ကားဆက်လိုက်သလိုပါပဲ။

(၄) အတိုကောက်စာလုံးတွေနဲ့မှတ်ပါ
ကျက်ထားသမျှစာတိုင်းကို တစ်လုံးမကျန် မှတ်မိဖို့ဆိုတာ ခက်ပါတယ်။ အရေးကြီးတဲ့ အနက်အဓိပ္ပါယ်နဲ့ အချက်အလက်တွေလိုမျိုးကိုပဲ မမေ့အောင် ကြိုးစားရတာပါ။ ဒီအတွက် နည်းလမ်းကောင်းတစ်ခုက လင်္ကာသွားလို ၊ တဘောင်လို အသံနဲ့မှတ်တာ ၊ စကားလုံးအတိုလေးတွေနဲ့ ဝှက်စာလို မှတ်လို့လွယ်အောင်လုပ်ပြီး ဦးနှောက်ထဲ ထည့်တာမျိုးက အသုံးတည့်ပါတယ်။

(၅) သူငယ်ချင်းတွေကို ပြန်ရှင်းပြပါ
သင်္ချာပုစ္ဆာတစ်ခုပဲဖြစ်ဖြစ် ကျက်ထားတဲ့ စာပုဒ်တစ်ခုခုပဲဖြစ်ဖြစ် ဦးနှောက်ထဲ စွဲစွဲမြဲမြဲ မှတ်မိဖို့ဆိုရင် ကိုယ်သိထားတဲ့ အတိုင်း သူငယ်ချင်းတွေကို ပြန်ပြီး သင်ပေးတာပါ။ စာတစ်အုပ်လုံးကို ဖတ်ခဲ့သူဟာ ဒီဖတ်ခဲ့တဲ့ အကြောင်းအရာကို အပြည့်အဝ မှတ်မိဖို့အတွက် နည်းလမ်းကောင်းတစ်ခုက အဲဒီအကြောင်းကို တစ်ခြားသူကို ဇာတ်ကြောင်းပြန် မျှဝေတာပဲ ဖြစ်ပါတယ်။

Lifestyle_Myanmar
ref-zapier