အလှအပရေးရာ စိတ်မဝင်စားဘူးဆိုသူတွေတောင် အရွယ်တင်လိုက်တာ၊ နုလိုက်တာလို့ ချီးကျူးခံရတဲ့အခါ အင်မတန် သဘောခွေ့တတ်ကြပါတယ်။ တကယ်တော့ အရွယ်တင်နုပျိုခြင်းဆိုတာ ကျား မ မရွေးသဘောကျတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ့်လက်ရှိအသက်ထက် (၅) နှစ်လောက်ငယ်ရွယ်နေစေမယ့် လျို့ဝှက်ချက်တစ်ချို့ကို ဖောက်သည်ချပေးလိုက်ပါတယ်။
(၁) မျက်နှာအသားအရေကို ဂရုစိုက်ပါ
မျက်နှာဆိုတာ နုပျိုခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို ခွဲခြားတဲ့အဓိက နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။ အများစုက လှချင်ပေမယ့် မျက်နှာအသားအရေထိန်းသိမ်းဖို့ စိတ်မရှည်ကြပါဘူး။ တစ်ခါတစ်လေမှာ မျက်နှာသစ်ဆေးတောင်မသုံးဘဲ အလွယ်လေး ရေချိုးဆပ်ပြာနဲ့တင် မျက်နှာသစ်လိုက်ကြတာမျိုးရှိပါတယ်။ အရွယ်တင်နုပျိုချင်ရင်တော့ ဒီလိုအပြုအမူမျိုးတွေကို လုံးဝရှောင်ကြဉ်ပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို မှန်မှန်ကန်ကန်သုံးစွဲပါ။

(၂) စားသောက်မှု ပုံစံပြောင်းပါ
အများစုက ပုံစံမမှန်တဲ့ စားသောက်မှုပုံစံတွေကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း ပြဿနာတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ စားသုံးတဲ့အစားအစာတွေရဲ့ (၇၅) ရာခိုင်နှုန်းက ဆားပါဝင်မှုများတဲ့ အစားအသောက်တွေ ၊ အပူအစပ်တွေ ၊ ကျန်းမာရေးတဲ့မညီညွတ်တဲ့ ကြာရှည်ခံအစားစားတွေပဲ ဖြစ်ပါတယ်။ ဒီလိုအစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး အသီးအရွက်တွေ ၊ လတ်ဆတ်တဲ့ အော်ဂင်းနစ်အစားစာတွေကို စားသုံးပေးသင့်ပါတယ်။

(၃) လုံလောက်တဲ့အိပ်စက်ချိန် တစ်ခုသတ်မှတ်ပါ
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အိပ်စက်ချိန်မမှန်ခြင်း ၊ လုံလောက်တဲ့ အိပ်စက်ချိန်တစ်ခုမရှိခြင်း စတဲ့ အချက်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။ ယနေ့ခေတ်လူတွေရဲ့ အိပ်စက်ချိန်တွေဟာ ဆိုရှယ်မီဒီယာတွေ ၊ Night Life တွေမှာ ကုန်ဆုံးနေတာ များပါတယ်။ ဒါကြောင့် ကျန်းမာနုပျိုချင်ရင်တော့ သင့်ရဲ့ အိပ်စက်ချိန်ကို အရင်ဆုံးပြောင်းလဲပါ။ တစ်နေ့ကို အနည်းဆုံး (၇) နာရီခန့် အိပ်စက်ဖို့ အကြံပြုချင်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
လေ့လာတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေဟာ သာမန်လူတွေထက် ပိုမိုနုပျိုကြပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေတဲ့အပြင် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာလုပ်ငန်းတွေကိုလည်း အထောက်အပံ့ကောင်းတွေ ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုဒဏ်တွေကိုလည်း လျော့ကျစေတာကြောင့် စိတ်ပျိုကိုယ်နုကာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တစ်ခုရရှိပိုင်ဆိုင်စေမှာပဲ ဖြစ်ပါတယ်။

(၅) တရားထိုင်ပါ
အရွယ်တင်နုပျိုခြင်းရဲ့ အရေးကြီးဆုံး အချက်တွေထဲမှာ စိတ်ရဲ့ သက်ရောက်မှုကလည်း အရမ်းကို အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အတွေးပေါင်း (၆) သောင်းကျော်တွေးပြီး အဆိုပါအတွေးတွေရဲ့ (၈၅) ရာခိုင်နှုန်းက မကောင်းတဲ့အတွေးတွေဖြစ်ပါတယ်။ မကောင်းတဲ့အတွေးတွေကြောင့် စိတ်ပူပင်သောကတွေများလာပြီး စိတ်ဖိစီးမှုတွေ ပိုမိုများလာစေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အေးချမ်းအောင် တရားထိုင်ခြင်း ၊ ဝင်လေထွက်လေမှတ်ခြင်း စတဲ့စိတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။

Lifestyle_Myanmar
ref-siobeauty